ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး စဥ့်ကိုင်မြို့နယ်အတွင်းရှိ မိုးသီးကြွေ၊ လေပြင်းတိုက်ခတ်ခြင်း များကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ပြည်သူများ အတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း
“မိမိအနေဖြင့် မိုးသီးများကြွေကျခြင်း၊ လေပြင်းများ တိုက်ခတ်ခြင်းများကြောင့် မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ အဆောက်အဦးများ၊ ကျွဲနွားတိရိစ္ဆာန်များ၊ အသက်ဆုံးရှုံးပျက်စီးမှုများရှိသည်ဟု ကြားသိရသည့်အတွက် မိမိတို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် အထောက်အကူဖြစ်စေရန် လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ် ကတ္တူ၌ စေတီပုထိုးများပျက်စီးခဲ့သည်ဟု သိရသည့်အတွက် ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူးက လှူဒါန်းရန် သွားရောက်လျက်ရှိကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ လည်း ပါတီဒုတိယ ဥက္ကဋ္ဌ သူရဦးအေးမြင့်မှ သွားရောက် လှူဒါန်းနိုင်ရန် စီစဉ်ထားပြီးဖြစ် ကြောင်း၊ နိုင်ငံရေးပါတီများသည် ပြည်သူများအကျိုး သယ်ပိုးရန် ဖွဲ့စည်းထား ခြင်းဖြစ်ကြောင်း၊ အစိုးရ သည်လည်း အလားတူဖြစ်ပါကြောင်း၊ မိမိတို့ပါတီအနေဖြင့် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ တပ်မတော်သားများအနေနှင့်လည်း သတင်းရရှိချိန်မှစ၍ ကူညီဆောင် ရွက်လျှက်ရှိသည်ကို သိရပါကြောင်း၊ နိုင်ငံတော်အစိုးရအနေနှင့်လည်း စီမံ ဆောင်ရွက်သွားမည်ဟု ယုံကြည်ပါကြောင်း၊ အခြားသော စေတနာရှင် ပြည်သူများနှင့် လူမှုရေး အဖွဲ့အစည်းများကလည်း ပါဝင်လှူဒါန်းမှုများ ပြုလုပ်ကြသည်ကိုလည်း သိရှိရပါကြောင်း၊ နယ်မြေပြည်သူများအနေနှင့် သဘာဝဘေးဒါဏ်ကို ကြံ့ကြံ့ခံနိုင်ကြသည့်နည်းတူ မူလအခြေအနေထက် ပိုမို သာလွန်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း” ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဧပြီလ (၂၅) ရက်နေ့ နံနက် (၁၀) နာရီခွဲ အချိန်တွင် မိုးသီးများကြွေကျခြင်း၊ လေပြင်းများတိုက်ခတ်ခြင်းကြောင့် ပျက်စီးဆုံးရှုံး ခဲ့သော စဥ့်ကိုင်မြို့နယ် ကန်ကြီးကျေးရွာသို့ ရောက်ရှိပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံအားပေး စကားပြောကြားခဲ့သည်။
ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်အတူ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးရဲမြင့်၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး(ငြိမ်း) ဒုတိယဗိုလ်ချုပ်ကြီး အုန်းမြင့် (ငြိမ်း)၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဝင်းမောင်၊ အလုပ်အမှုဆောင် ဦးသန်းထွန်း၊ ကျောက်ဆည်ခရိုင်ပါတီ ခေတ္တအတွင်းရေးမှူး ဒေါ်သိင်္ဂီအောင် နှင့် အလုပ်အမှုဆောင်များ၊ စဥ့်ကိုင်မြို့နယ် ပါတီအတွင်းရေးမှူး ဦးစိန်သောင်းနှင့် အလုပ်အမှုဆောင်များလိုက်ပါခဲ့ကြပြီး တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးရဲမြင့်၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး(ငြိမ်း) ဒုတိယဗိုလ်ချုပ်ကြီး အုန်းမြင့်(ငြိမ်း)တို့မှ လည်း အသီးသီး အားပေးစကားများ ပြောကြားခဲ့ကြသည်။
ထို့နောက် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်နှင့် ပါတီမိတ်ဆွေစေတနာရှင်များက လှူဒါန်းသော အလှူငွေ သိန်း (၃ဝ)နှင့် သွပ်(၁ဝဝဝ) ချပ်အား ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးညီညီတို့က ပေးအပ်လှူဒါန်းရာ ကျေးရွာ အုပ်ချုပ် ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးစည်းရုံးရေးမှူးတို့က လက်ခံ ရယူခဲ့သည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌဦးဌေးဦးနှင့် အဖွဲ့သည် ကန်ကြီးရွာအတွင်း ပျက်စီးမှု များကို လှည့်လည် ကြည့်ရှုပြီး ကန်ကြီးကျေးရွာသို့ ရောက်ရှိဆေးကုသပေး လျက်ရှိသော မိတ္ထီလာ အမှတ် (၁/၅ဝဝ) တပ်မတော်စစ်ဆေးရုံမှ နယ်လှည့် ကုသရေးအဖွဲ့၊ စဥ့်ကိုင်ဆေးရုံမှ ဆေးကုသရေးအဖွဲ့နှင့် ကျောက်ဆည် တပ်နယ်မှ လုပ်အားပေးနေကြသော စစ်သည်များအား နှုတ်ဆက် အားပေးခဲ့ကြောင်း သတင်းရရှိသည်။