အမေရိကန်မှာ စွန့်ပစ်လော်ရီကားပေါ်မှ လူ ၄၀ ကျော် သေဆုံးလျက်တွေ့ရှိ

အမေရိကန်နိုင်ငံ ၊ တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့ပြင်ပမှာ စွန့်ပစ်ထားခဲ့တဲ့ လော်ရီကားပေါ်မှာ ရွှေ့ပြောင်းနေထိုင်သူတွေလို့ ယုံကြည်ရတဲ့ လူပေါင်း အနည်းဆုံး ၄၆ ဦးကို သေဆုံးလျက် တွေ့ရှိခဲ့ရပါတယ်။

ကလေးငယ် လေးဦး အပါအဝင် လူ ၁၆ ဦးကို ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ မီးသတ်အရာရှိတစ်ဦး က ပြောပါတယ်။ အသက်ရှင်ကျန်သူတွေရဲ့ ခန္တာကိုယ် က ပူခြစ်တောက်နေပြီး အပူကြောင့် အပူရှပ်တာ၊ အားအင်ကုန်ခမ်းနေတာတွေ ခံစားနေရကြောင်း သိရပါတယ်။ အမေရိကန်-မက္ကဆီကို နယ်စပ်ကနေ မိုင်ပေါင်း ၁၅၀ ဝေးတဲ့ ဆန်အန်တိုနီယိုမြို့က လူကုန်ကူးသူတွေ အဓိက အသုံးပြုတဲ့ လမ်းကြောင်းပေါ်မှာ ရှိပါတယ်။

လူတစ်‌ယောက်သေဆုံးမှု သတင်းကိုတုံ့ပြန်ရင်း အရေးပေါ်တုန့်ပြန်သူတွေက အခင်းဖြစ်ပွားရာ နေရာကို ညနေ ၆ နာရီလောက်မှာ ရောက်ရှိခဲ့တယ်လို့ ဆန်အန်တိုနီယိုမြို့ မီးသတ်အကြီးအကဲ ချားလ် စ်ဟုဒ် က ပြောပါတယ်။ နောက်တွဲကား‌ပြင်ပမှာ လူတစ်ဦးသေနေတာကို တွေ့ရပြီး တံခါးဖွင့်လိုက်ချိန်မှာလည်း အထဲမှာ သေဆုံး နေသူတွေကို တွေ့ရှိခဲ့ရကြောင်း သူကပြောပြပါတယ်။

ဒါ့အပြင် လော်ရီကားထဲမှာ လေအေးပေးစနစ်မပါရှိသလို သောက်ရေလည်း မရှိဘူးလို့ သူက ဆက်ပြောပါတယ်။ ကြီးမားတဲ့ လော်ရီကားကြီးနားမှာ ရဲတပ်ဖွဲ့ ၊ မီးသတ်နဲ့ အရေးပေါ်ကယ်ဆယ်ရေးကား အများအပြား ဝန်းရံနေတာကို တွေ့ရှိရကြောင်း ဘီဘီစီသတင်းက ဖော်ပြပါတယ်။

စုံစမ်းစစ်ဆေးမှုတွေကို ဖက်ဒရယ်အစိုးရ စုံထောက်တွေဆီ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကာ မသင်္ကာသူ လူသုံးဦးကို ဖမ်းဆီးထားတယ်လို့ ဆန်အန်တိုနီယို ရဲတပ်ဖွဲ့ အကြီးအကဲ ဝီလီယမ် မက်မာနက်စ် က ပြောပါတယ်။ မက္ကဆီကို သံအမတ်ကြီး က အခင်းဖြစ်ရာသို့ သွားနေကြောင်းနဲ့ သေဆုံးသူတွေက ဘယ်နိုင်ငံသားတွေ ဆိုတာကို မသိသေးကြောင်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး မာဆယ်လို အက်ရက်ဒ် က ပြောကြားပါတယ်။

 

-Ref:BBC