ရခိုင်ပြည်နယ်မှအစ္စလာမ်ဘာသာကိုးကွယ်သူများနှင့် ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာကိုးကွယ်သူများ ဟူသည့် အသုံးအနှုန်းများကို စစ်တွေမြို့ လူထုအစည်းအဝေး၌ ကန့်ကွက်

“ရခိုင်ပြည်နယ်မှအစ္စလာမ်ဘာသာကိုးကွယ်သူများ” နှင့် “ရခိုင်ပြည်နယ်မှဗုဒ္ဓဘာသာကိုးကွယ်သူများ” ဆိုသည့် အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ဇွန်လ (၂၆) ရက်က စစ်တွေမြို့၌ ပြုလုပ်ခဲ့သည့် လူထု အစည်းအဝေးက ဆုံးဖြတ်ခဲ့ပြီး ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲကို မကြာမီပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

လူထုအစည်းအဝေးတွင် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအပါအ၀င် ရဟန်းသံဃာတော်များ၊ ဒေသခံ ပြည်သူလူထု စုစုပေါင်း တစ်ထောင်ခန့် တက်ရောက်ခဲ့ပြီး လူထုအစည်းအဝေးက “ရခိုင် ပြည်နယ်မှ အစ္စလာမ်ကိုးကွယ်သူများ” ဆိုသည့်အသုံးအနှုန်းကို လုံးဝလက်မခံကန့်ကွက်ပြီး “ဘင်္ဂါလီ” ဟုသာ ခေါ်ဆိုရန်နှင့် “ရခိုင်ပြည်နယ်မှဗုဒ္ဓဘာသာကိုးကွယ်သူများ” ဆိုသည့် အသုံးအနှုန်းကို လုံးဝ လက်မခံ ကန့်ကွက်ပြီး “ရခိုင်လူမျိုး” ဟုသာ အသုံးပြုရန်ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

ယင်းကန့်ကွက်တောင်းဆိုချက်များကို သမ္မတအပါအ၀င် နိုင်ငံ့အကြီးအကဲများထံသို့ စာဖြင့် ပေးပို့ တင်ပြမည်ဖြစ်ကြောင်း လူထုအစည်းအဝေး ဦးဆောင်သူများက ပြောကြားသည်။

 ‘‘ဒီတစ်ပတ်ထဲ တင်ပြတောင်းဆိုမယ်’’ ဟု စစ်တွေဒေသခံ ဦးသန်းထွန်းကပြောသည်။

ထို့အပြင် လူထုဆန္ဒဖော်ထုတ်ပွဲကို ရခိုင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာချိတ်ဆက်၍ မကြာမီ ပြုလုပ်မည်ဖြစ်ပြီး စစ်တွေမြို့ရှိ နေအိမ်တိုင်းတွင်လည်း ကန့်ကွက်ကြောင်း စာတန်းများရေးသား ဖော်ပြမည် ဖြစ်ကြောင်း ဦးဆောင်သူများက ပြောကြားသည်။

ဇွန်လ ၁၈ ရက်က ဂျီနီဗာမြို့၌ပြုလုပ်ခဲ့သည့် ကုလလူ့အခွင့်အရေးကောင်စီညီလာခံတွင် နှစ်ဖက် လူ့ အသိုင်းအ၀ိုင်းအကြား အပြန်အလှန် ယုံကြည်မှုရရှိစေရန် အငြင်းပွား နေသည့် အသုံးအနှုန်းကို ရှောင်လွှဲ၍ ဘင်္ဂါလီလူမျိုးများကို “ရခိုင်ပြည်နယ်မှ မွတ်စလင်” ဟု ခေါ်ဝေါ်သုံးနှုန်းရန် မြန်မာအစိုးရ ကိုယ်စားလှယ်က တိုက်တွန်း ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ပြဿနာ ဖြေရှင်းရာတွင် အထောက်အကူပြုစေ မည်ဟု ယုံကြည်သောကြောင့် အငြင်းပွားဖွယ်ဖြစ်သည့် စကားလုံးများ ရှောင်ရှားသုံးနှုန်းကြရန် တိုက်တွန်းခြင်းဖြစ်ကြောင်း 7Day Daily အား ပြောကြားထားဖူးသည်။

ထို့အပြင်  ပြဿနာများဖြစ်ပွားစေနိုင်သည့် “ရိုဟင်ဂျာ” ဟုသုံးနှုန်းမှုကို ရှောင်ရှားကြရန်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးများကို တိုက်တွန်းထားသည်။

7 Day Daily


Leave a Reply