တစ်လကို မြန်မာငွေသိန်း(၉)သောင်း ကျော်နဲ့ ဘေးလ်ကို ကမ်းလှမ်းခဲ့တဲ့ တရုတ်ကလပ်
ဂါရတ်ဘေးလ်အနေနဲ့ တရုတ်စူပါလိဂ်ကလပ်ကိုသာ ပြောင်းရွှေ့နိုင်ခဲ့မယ်ဆိုရင် တစ်နှစ်အတွက်လုပ်ခလစာ ပေါင် (၆၂)သန်းကျော်အထိ ခံစားခွင့်ရမှာဖြစ်ပြီး ကမ္ဘာ့လုပ်ခလစာအများဆုံး ကစားသမားဖြစ်လာမှာလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံကစားသမားဂါရတ်ဘေးလ်ဟာ တရုတ်ကလပ်အသင်းတစ်ခုရဲ့ တစ်ပတ်လုပ်ခ ပေါင် (၁.၂)သန်းအထိ ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။ အမည်မဖော်ပြထားတဲ့ တရုတ်ကလပ်အသင်းက မက်မောလောက်ဖွယ်ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပြီး စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ဘေးလ်အနေနဲ့ လက်ရှိရီးရဲလ်မှာ ရရှိနေတဲ့ လုပ်ခလစာရဲ့ နှစ်ဆအထိ ရရှိမယ့် ကမ်းလှမ်းမှုမျိုးလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါကလပ်အသင်းရဲ့ ကမ်းလှမ်းမှုမှာ ဘေးလ်အတွက် ပြောင်းရွှေ့ကြေး ပေးချေမှာ မဟုတ်ပဲ အလွတ်ခေါ်ယူဖို့အတွက် ကြိုးစားသွားမှာဖြစ်ပြီး ပြောင်းရွှေ့ကြေးကို လစာထဲ ထည့်ပေါင်းပေးတဲ့ ပုံစံမျိုးနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
ဒီကမ်းလှမ်းမှုကို ရီးရဲလ်က ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။ ရီးရဲလ်အနေနဲ့ ဘေးလ်အတွက်ပေးချေနေရတဲ့ လုပ်ခလစာကို လျှော့ချချင်ပါမှသာ အသင်းကထွက်ခွာခွင့်ပြုဖွယ်ရှိပါတယ်။ ဒါပေမယ့် ဟာဇက်၊ လူကာဂျိုဗစ် တို့အပါအ၀င် ကစားသမားသစ် (၅)ဦးအတွက် ပေါင်သန်း (၂၅၀) အသုံးပြုထားပြီး ပေါ့ဂ်ဘာကို ထပ်မံ ခေါ်ယူချင်နေတဲ့အတွက် ဇီဒန်းက အပြောင်းအရွှေ့စရိတ် လိုအပ်နေခဲ့ပါတယ်။ ဒါကြောင့်အသင်းရဲ့ ကစားသမား တွေကို ပြန်လည်ရောင်းချပြီး အပြောင်းအရွှေ့စရိတ်ရှာဖွေနေချိန်မှာ တရုတ်ကလပ်ရဲ့ ကမ်းလှမ်းခဲ့မှုက ရီးရဲလ်အတွက်တော့ အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။ ဘေးလ်ကတော့ ပြီးခဲ့တဲ့ရာသီမှာ ရီးရဲလ်အတွက်သွင်းဂိုး (၁၄)ဂိုး ရယူပေးနိုင်ခဲ့ပေမယ့် ဇီဒန်းလက်ထက်မှာ ပုံမှန်နေရာပျောက်ဆုံးခဲ့သူဖြစ်ပါတယ်။ duwun