မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ဟောပြောပွဲများကို တစ်ချိန်တည်း သုံးနေရာခွဲ၍ ကျင်းပ

 

မန္တလေး မေ ၂၆

မန္တလေးမြို့ ၇၃ လမ်း၊ ၂၇ လမ်းနှင့် ၂၈လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးရှေ့ ကွင်းပြင်တွင် ယမန်နေ့ နံနက် ၈ နာရီမှ ၁ဝနာရီအထိ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲ ကျင်းပခဲ့သည်။ ဟောပြောပွဲကို နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင်သီဆို ဖွင့်လှစ်ပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမျိုးမြင့်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ (၂ဝဝ၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တိုင်းလူငယ် ပါတီကော်မတီ ဦးကျော်မျိုးရွှေနှင့် ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ အမရ ပူရမြို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦးတို့က ဟောပြော ခဲ့ကြသည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသူများက ”ပုဒ်မ ၅၉ (စ) တည်တံ့ရေး (ဒို့အရေး)၊ လူမျိုးခြားသမ္မတ မဖြစ်ရေး (ဒို့အရေး)၊ ဥပဒေနှင့်အညီ အခြေခံဥပဒေ ပြင်ဆင်ရေး (ဒို့အရေး)၊ ပုဒ်မ-၂၆၁ ကို ဥပဒေနှင့်အညီ ပြင်ဆင်ပေးရေး (ဒို့အရေး)၊ ပုဒ်မ-၃၆၁ အားကာကွယ်စောင့်ရှောက်ရေး (ဒို့အရေး)၊ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေး (အောင်ရမည်)” ဟုကြွေးကြော်သံများကို သံပြိုင်ဟစ်ကြွေး၍ ဟောပြောပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ပါတီရုံးတွင် ပြုလုပ်သော ဟောပြောပွဲသို့ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေ မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့မှ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ အလားတူ အမရပူရ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးဝင်းအတွင်း၌ ယမန်နေ့ နံနက် ၈ နာရီမှ ၉ နာရီ ၁၅ မိနစ်အထိ (၂ဝဝ၈) ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲကျင်းပ ခဲ့သည်။ ဟောပြောပွဲအား နိုင်ငံတော်အလံ အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆို ဖွင့်လှစ်ပြီးနောက် (၂ဝဝ၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ ပထမအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦးနှင့် ပြည်ကြီးတံခွန် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးအေးတို့က ဟောပြောခဲ့ကြသည်။ ထို့နောက် ဟောပြောပွဲသို့ တက်ရောက် လာသူများက ‘ပုဒ်မ ၅၉ (စ) တည်တံ့ရေး (ဒို့အရေး)၊ လူမျိုးခြားသမ္မတမဖြစ်ရေး (ဒို့အရေး)၊ ဥပဒေနှင့်အညီ အခြေခံဥပဒေ ပြင်ဆင်ရေး (ဒို့အရေး)၊ ပုဒ်မ ၂၆၁ ကို ဥပဒေနှင့်အညီ ပြင်ဆင်ပေးရေး (ဒို့အရေး)၊ ပုဒ်မ ၃၆၁ အား ကာကွယ်စောင့်ရှောက်ရေး (ဒို့အရေး)၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေး (အောင်ရမည်)’ ကြွေးးကြော်သံများကို သံပြိုင်ဟစ်ကြွေး၍ ဟောပြောပွဲကို ရုပ်သိမ်းခဲ့သည်။

အမရပူရမြို့နယ်ပါတီရုံး၌ ကျင်းပသော ဟောပြောပွဲသို့ အမရပူရမြို့နယ်နှင့် ပြည်ကြီးတံခွန် မြို့နယ်တို့မှ ပြည်သူ များ တက်ရောက်ခဲ့ကြောင်း သိရသည်။ အလားတူ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးဝင်းအတွင်း ယနေ့ နံနက်က (၂ဝဝ၈) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားသို့ ပုသိမ်ကြီးမြို့နယ်နှင့် အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ကော်မတီဝင်များနှင့် ပါတီဝင်များ၊ နိုင်ငံရေးပါတီများမှ ဧည့်သည်တော်များ၊ မျိုးချစ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြု၍ ဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်း ဒေသကြီး ပါတီကော်မတီဝင် ဦးမြတ်သူ၊ ပုသိမ်ကြီးမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဆွေသန်း၊ ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်တို့က ဟောပြောခဲ့ပြီး အခမ်း အနားကို ကြွေးကြော်သံများဖြင့် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ ထိုသို့ မန္တလေးတိုင်း ဒေသကြီးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲများ သုံးနေရာခွဲ၍ ကျင်းပ ရခြင်းသည် မနော်ရမ္မံ ကွင်းတွင် အချိန်မီခွင့်ပြုချက်မရသဖြင့် တိုင်းဒေသကြီးပါတီရုံး၊ အမရပူရ မြို့နယ် ပါတီရုံး၊ ပုသိမ်ကြီးမြို့နယ် ပါတီရုံးတို့တွင် တစ်ချိန်တည်း သုံးနေရာခွဲ၍ ကျင်းပခဲ့ရကြောင်း သိရသည်။ အဆိုပါ ဟောပြောပွဲများနှင့် ပတ်သက်၍ သက်ဆိုင်ရာပုဂ္ဂိုလ်တို့နှင့် တွေ့ဆုံမေးမြန်းမှုများကို ဆက်လက်ဖော်ပြပေးမည် ဖြစ်ပါသည်။  သုတ(မန္တလေး)