ရီယို အိုလံပစ် မီးရှူးတိုင် သယ်ယူမှု အစီအစဉ်တွင် ထည့်သုံးသည့် ကျားသစ် လွတ်သွားရာမှ ပစ်သတ်ခံရ
ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုး အိုလံပစ်မီးရှူးတိုင် သယ်ယူမှု အစီအစဉ်တွင် ထည့်သွင်းအသုံးပြုခဲ့သည့် ဂျာဂွာကျားသစ် တစ်ကောင် လွတ်ထွက်သွားသည့်နောက် ပစ်သတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ကျားသစ်မသည် ၎င်းကိုထိန်းကျောင်းသူ လက်ထဲမှ လွတ်မြောက်သွားပြီး အနီးရှိ စစ်သားတစ်ဦးကို တိုက်ခိုက်ခဲ့သည့်အတွက် မလွှဲမရှောင်သာ ပစ်ခတ်ခဲ့ရကြောင်း အစီအစဉ် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ဇွန် ၂၀ ရက် ဖြစ်ရပ်တွင် ကျားသစ်ကို မေ့ဆေးကျည် လေးတောင့်ထိ ပစ်ခတ်ပြီးသည်အထိ တားဆီး၍ မရသောကြောင့် ပစ်သတ်လိုက်ရခြင်း ဖြစ်သည်။
အိုလံပစ်ပွဲတော် ကျင်းပရေး တာဝန်ရှိသူများက အိုလံပစ် မီးရှူးတိုင်ကို သံကြိုးချည်ထားသည့် ကျားသစ်အနီး ယူဆောင်ချဉ်းကပ်မိခြင်းမှာ အမှားတစ်ရပ်ဟု ဝန်ခံခဲ့သည်။ တိရစ္ဆာန် အခွင့်အရေး အဖွဲ့အစည်းများက ယခုပစ်သတ်မှု ကို ရှုတ်ချခဲ့ကြပြီး တောရိုင်းတိရစ္ဆာန် တစ်ကောင်ကို အိုလံပစ် မီးရှူးတိုင် သယ်ယူမှု အစီအစဉ်တွင် ထည့်သွင်း အသုံးပြုခဲ့ခြင်းအပေါ် မေးခွန်းထုတ်ခဲ့ကြသည်။
“ဒါဘယ်လိုသဘောလဲ။ သူ့ဖာသာနေတဲ့ တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးပြီး သူတို့မလုပ်ချင်တဲ့၊ သူတို့ကြောက်တဲ့ ကိစ္စတွေမှာ သုံးတယ်။ တစ်ခါတလေ နာကျင်စရာတွေ ဖြစ်လာတော့ သူတို့အသတ်ခံရတယ်။ တောရိုင်းတိရစ္ဆာန်တွေ ဆိုတာက အချိန်မရွေး အန္တရာယ်ပေးနိုင်တယ်။ ဒါကို သိလျက်နဲ့ ဘာကြောင့် အခုလို ပွဲမျိုးမှာ အဓိပ္ပါယ်မရှိတာကို လုပ်ရတာလဲ”ဟု တိရစ္ဆာန် အခွင့်အရေး စောင့်ရှောက်မှုအဖွဲ့ PETAမှ ဒါရိုက်တာ တစ်ဦးဖြစ်သော ဘရစ်တနီပိထ်က ဝေဖန်ခဲ့သည်။
ဂျူမာဟု အမည်ပေးထားသည့် အဆိုပါ ကျားသစ်သည် အမေဇုန်ရှိ တိရစ္ဆာန် ဥယျာဉ် တစ်ခုသို့ မွေးချင်း ကျားသစ်ပေါက် ခြောက်ကောင်နှင့်အတူ ရောက်ရှိလာပြီး ထိုနေရာတွင် ကြီးပြင်းခဲ့သည်။ အိုလံပစ်ပွဲတော် စတင်ရန် လပိုင်းမျှ အလိုတွင် အိုလံပစ် မီးရှူးတိုင်ကို ဘရာဇီးနိုင်ငံ တနံတလျား၌ အခမ်းအနား အစီအစဉ် အမျိုးမျိုးဖြင့် လက်ဆင့်ကမ်း သယ်ဆောင်လျက် ရှိသည်။
Ref: BBC