ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး တိုင်း ခရိုင် မြို့နယ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
ရန်ကုန် မေ ၂
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီက တိုင်း၊ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ ဘဏ္ဍာရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဒေါက်တာကျော်စိုး၊ ဘဏ္ဍာရေးမှူး ပါတီဗဟိုကော်မတီဝင် ဒေါ်အေးမင်းမိုးနှင့် ပါတီဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များနှင့် ခရိုင်လေးခရိုင်မှ ပါတီဥက္ကဋ္ဌများ၊ မြို့နယ် ပါတီဥက္ကဋ္ဌများ၊ ဘဏ္ဍာရေးမှူးများ တက်ရောက်ခဲ့ကြသည်။ အစီအစဉ်အရ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက အမှာစကား ပြောကြားရာတွင် ပါတီဝင်များသည် မိမိတို့ယုံကြည်ချက်၊ ရည်ရွယ်ချက်များဖြင့် ပါတီသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ လိုအပ်ပြီးရဲဘော် ရဲဘက်သံယောဇဉ်ဖြင့် ဆက်လက်ချီတက်ကြရမည် ဖြစ်ကြောင်း၊ ပါတီအပေါ် သစ္စာရှိဖို့လိုကြောင်း၊ ထို့နောက်ပါတီ၏ အုပ်ချုပ်ထောက်ပံ့ လုပ်ငန်းများနှင့် ပတ်သက်၍ရှောင် ရန်ဆောင်ရန် ကိစ္စများကို ပြောကြားခဲ့သည်။ ဆက်လက်၍ စည်းရုံးရေးရာနှင့် ပတ်သက်၍ ၂ဝ၂ဝ ပါတီ အောင်နိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မှာကြားပြီး နိုင်ငံတကာ အခြေအနေများကို ဆွေးနွေးသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဒေါက်တာကျော်စိုးက စီမံရေးရာကိစ္စများကို ရှင်းလင်း ဆွေးနွေးသည်။ ဆက်လက်၍ တိုင်းဘဏ္ဍာရေးမှူး ပါတီဗဟိုကော်မတီဝင် ဒေါ်အေးမင်းမိုးက ဘဏ္ဍာရေးဆိုင်ရာ ကိစ္စများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး စည်းရုံးရေးရာ တာဝန်ခံ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးအောင်ကျော်မင်းက စည်းရုံးရေးဆိုင်ရာ ကိစ္စများကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တိုင်းဒေသကြီး လူငယ်ရေးရာ တာဝန်ခံ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးမိုးဝင်းကျော်က ၂ဝ၂ဝ ပါတီအောင်နိုင်ရေးအတွက် ပါတီဝင်လူငယ်များမှ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။ ထို့နောက် ခရိုင်ပါတီဥက္ကဋ္ဌများက ရှင်းလင်းသည်များကို တင်ပြကြပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ ထိန်ဝင်း(YGN)