သောက်ရေအခက်အခဲကြောင့် ပြည်ခိုင်ဖြိုးဦးဆောင်ပြီး ရှေးရေတွင်းဟောင်းကိုပြန်လည်ဆယ်ယူ
ပျော်ဘွယ် ဧပြီ ၂
ပျော်ဘွယ်မြို့နယ် မြေနီကုန်း အုပ်စု မြေနီကုန်းရွာနှင့် ညောင်လှ ရွာ၌ သောက်ရေအခက်အခဲဖြစ် ပေါ်နေသဖြင့် ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး ရှေးရေတွင်းဟောင်းကို ပြန်လည် ဆယ်ယူခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ညောင်လှရွာ၌ ပြုလုပ်ခဲ့ ကြသည်။
အဆိုပါရေတွင်းဟောင်း ဆယ်ယူခြင်းလုပ်ငန်းသို့ ပျော်ဘွယ် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ် ပါတီကော်မတီဝင်ဦးစိန်ဝင်း၊ မြေနီ ကုန်းအုပ်စုစည်းရုံးရေးမှူး ဦးဆန်း ဦးနှင့်ပါတီကော်မတီဝင်များ၊ပါတီဝင် များလုပ်အားဒါနပါဝင်ခဲ့ကြသည်။ အဆိုပါရေတွင်းကြီးသည် အကျယ် ၁၄ပေ၊ အနက်၃၃ပေ၊ ရေဝပ်ခုနစ် ပေခန့်ရှိပြီး အင်္ဂလိပ်လက်ထက်က ၄င်းတို့၏ စစ်တပ်အသုံးပြုနိုင်ရန် တူးဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာများအပြင် ပျော်ဘွယ်မြို့ ပေါ်သို့ရေတစ်စည်လျှင်သုံးကျပ်ဖြင့် ရေစည်လှည်းများဖြင့် သယ်ယူ ရောင်းချခဲ့ကြောင်း ပြောပြခဲ့ကြ သည်။ ရေတွင်းကို ပြန်လည် ဆယ်ယူပြုပြင်ပြီးစီးပါက ကျေးရွာ နှစ်ရွာရှိ အိမ်ထောင်စု ၂ဝဝသည် သောက်ရေဖူလုံသွားမည့်အပြင် မြို့ပေါ်ရပ်ကွက်အချို့သို့လည်း သောက်ရေဖြန့်ဝေပေးနိုင်မည် ဖြစ်သည်။
ညောင်လှ ရွာဦးကျောင်း ဆရာတော်ဦးဣန္ဒြိရက”ရေတွင်း ကြီးက သက်တမ်းရှည်လှပြီ။ ကျုပ် ရှင်ပြုတုန်းက ဒီရေတွင်းကရေကို အသုံးပြုခဲ့တာ။ နောက်ပိုင်းအဝီစိ တွင်းတွေပေါ်လာတော့မှ ဒီရေ တွင်းကို မသုံးတော့တာ။ အခုကျ တော့ အဝီစိတွင်းတွေက ရေငန် တွေပဲထွက်တော့ သောက်ရေ အတွက် အခက်အခဲဖြစ်တာပေါ့။ ဒီလို ပြုပြင်လိုက်တော့ အားလုံး အတွက် အကျိုးရှိတာပေါ့”ဟု မိန့်ကြားသည်။
ဦးမျိုး(ပျော်ဘွယ်)