ဟွာဝေးကို အရေးယူဖို့ ကန် အမတ်တွေ ကြိုးပမ်း
အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဒါမှမဟုတ် ပို့ကုန်ထိန်းချုပ်ရေး ဥပဒေတွေကို ချိုးဖောက်နေတဲ့ တရုတ် ဟွာဝေးနည်းပညာ ကုမ္ပဏီ၊ ZTE ကုမ္ပဏီ ဒါမှမဟုတ် တခြားသော တရုတ်ဆက်သွယ်ရေး ကုမ္ပဏီတွေကို အမေရိကန်ထုတ် Chips တွေနဲ့ တခြားသော အစိတ်အပိုင်းတွေ ရောင်းချခြင်းမလုပ်ဖို့ တားမြစ်မယ့် ဥပဒေကြမ်းတွေကို အမေရိကန်ပါတီကြီး ၂ ခုက လွှတ်တော်အမတ်တွေ ပူးပေါင်းပြီး – ဗုဒ္ဓဟူးနေ့မှာ အဆိုပြုခဲ့ပါတယ်။
ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာ ချွန်ယင်း (Hua Chunying) က အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးစစ် ပြင်းထန်လာစေမယ့် ဥပဒေဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။
ဒီအတောအတွင်းမှာပဲ Wall Street Journal သတင်းစာကြီးကနေ – အမေရိကန် T-Mobile ဖုန်းကုမ္ပဏီနဲ့ တခြား အမေရိကန် စီးပွားရေးလုပ်ငန်းတွေဆီက ကုန်သွယ်ရေးဆိုင်ရာ လျှို့ဝှက်ချက်တွေကို တရုတ် ဟွာဝေး ကုမ္ပဏီက ခိုးယူသွားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရရှေ့နေတွေက စုံစမ်းနေတဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။
အမေရိကန် လွှတ်တော်မှာ တင်သွင်းထားတဲ့ ဥပဒေကြမ်းတွေကို ဟန့်တားဖို့လည်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Hua က အမေရိကန်လွှတ်တော်အမတ်တွေကို တိုက်တွန်းခဲ့ပါတယ်။
-Ref: RFA