ပရိသတ်တွေရွေးပေးတဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းကို ယူအီးအက်ဖ်အေထုတ်ပြန်

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွက် ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းကတော့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေရာအလိုက် တစ်နှစ်တာအကောင်းဆုံးအသင်းအတွက် ယူအီးအက်ဖ်အေ၀က်ဆိုဒ်မှာ ပရိသတ်ပေါင်း ၁.၈ သန်းအထိ မဲပေးမှုပြုလုပ်ခဲ့ကြပါတယ်။ ၄-၃-၃ ကစားကွက်နဲ့ ဒီတစ်နှစ်အကောင်းဆုံး အသင်းမှာ ဂိုးသမားနေရာအတွက် ဘာစီလိုနာရဲ့ တာစတီဂျန်ရွေးချယ်ခံခဲ့ရပြီး နောက်တန်းမှာတော့ ရီးရဲလ်ကစားသမားတွေ လွှမ်းမိုးခဲ့ကာ ရာမို့စ်၊မာဆယ်လိုနဲ့ ဗာရာနီတို့ ပါဝင်ခဲ့ကြပြီး ရီးရဲလ်ကစားသမား မဟုတ်တာဆိုလို့ လီဗာပူးရဲ့ဗန်ဒစ်ဂ်ျ တစ်ယောက်သာ ရှိပါတယ်။ ကွင်းလယ်မှာတော့ လက်ရှိကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရှင် မိုဒရစ်နဲ့အတူ ချဲလ်ဆီးအသင်းသားတွေဖြစ်ကြတဲ့ ဟာဇတ်နဲ့ ကန်တီတို့ ပါဝင်ခဲ့ကြပါတယ်။ တိုက်စစ်မှာ ထုံးစံအတိုင်း စီရော်နယ်ဒိုနဲ့ မက်ဆီတို့အပြင် လူငယ်ကြယ်ပွင့်အမ်ဘက်ပီလည်း ပါဝင်လာပါတယ်။

နောက်ဆုံးခါတင် ၅၀ ဦးစာရင်းထဲကနေ ၁၁ ယောက်ရွေးချယ်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ကိုယ်စားပြုအနေနဲ့ ၃ ယောက်ပါဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီထဲမှာ ဟာဇတ်က ၂ နှစ်ဆက်ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး ဗန်ဒစ်ဂ်ျနဲ့ ကန်တီတို့ကတော့ ပထမဆုံးအကြိမ်အဖြစ် ဒီစာရင်းထဲမှာ ပါလာခဲ့ကြတာပါ။ ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းမှာ မဲအများဆုံးရခဲ့သူကတော့ ရီးရဲလ်ကွင်းလယ်လူ မိုဒရစ်ဖြစ်ပြီး ဘယ်ကစားသမားထက်မဆို မဲပိုရခဲ့ပါတယ်။ တိုက်စစ်မှာတော့ စီရော်နယ်ဒိုဟာ သူ့ရဲ့ကိုယ်ပိုင်စံချိန်သစ်အဖြစ် ယူအီးအက်ဖ်အေ အကောင်းဆုံးအသင်းမှာ ၁၃ ကြိမ်မြောက်ပါဝင်နိုင်ခဲ့ပြီး မက်ဆီကလည်း ၁၀ ကြိမ်မြောက် ရွေးချယ်ခံခဲ့ရတာပါ။

နာမည်ကြီးကစားသမားတွေထဲက ဒီတစ်နှစ်တာအကောင်းဆုံးအသင်းထဲ မပါဝင်ခဲ့သူတွေကတော့ နေမာနဲ့ ဆာလာတို့ ဖြစ်ကြပြီး အက်သလက်တီကိုနဲ့ ယူရိုပါလိဂ်အောင်မြင်မှု ရခဲ့ပြီး ပြင်သစ်နဲ့လည်း ကမ္ဘာ့ဖလားဗိုလ်စွဲခဲ့တဲ့ ဂရစ်ဇ်မန်း လည်း အကောင်းဆုံးတိုက်စစ်စာရင်းထဲ မပါနိုင်ခဲ့ပါဘူး။

90Minutes