အူဘာမီယန်းကို ငှက်ပျောခွံဖြင့် ပေါက်ခဲ့သည့် စပါးပရိသတ် ပွဲကြည့်ခွင့် တသက်တာအပိတ်ခံရ

အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ငှက်ပျောသီးခွံနဲ့ ပစ်ပေါက်ခဲ့တဲ့ စပါးပရိသတ် ပန်တယ်လီကို စပါးအသင်းက တသက်တာ ပွဲကြည့်ခွင့် ပိတ်ပင်ခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း ဖမ်းဆီးခဲ့ပါတယ်။ အာဆင်နယ်နဲ့ စပါးအသင်းတို့ရဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းက ပယ်နယ်တီကနေ ဦးဆောင်ဂိုး သွင်းယူအပြီးမှာ စပါးအသင်း ပရိသတ်တွေနား အောင်ပွဲခံခဲ့တာပါ။ အဲဒီအချိန်မှာ စပါးပရိသတ် တဦးဖြစ်တဲ့ ပန်တယ်လီက ငှက်ပျောသီးခွံနဲ့ ပစ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း ကို လူမျိုးရေးခွဲခြားလိုစိတ်နဲ့ ငှက်ပျောသီးခွံနဲ့ ပစ်ပေါက်ခဲ့တာ မဟုတ်ဘူးလို့ ပစ်ပေါက်ခဲ့တဲ့ ပန်တယ်လီက ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မိမိဟာ လူမည်း ၇၀ ရာခိုင်နှုန်းလောက်ရှိတဲ့ နေရာမှာ ကြီးပြင်းခဲ့သူဖြစ်ပြီး လူမျိုးရေးခွဲခြားမှု လုပ်လိုတဲ့သဘောနဲ့ ပစ်ပေါက်ခဲ့တာ မဟုတ်ကြောင်း၊ ပစ်ပေါက်ခဲ့တဲ့ ငှက်ပျောသီးခွံ ဟာလည်း ကလေးငယ်တဦး စားထားတဲ့ ငှက်ပျောသီးဖြစ်ပြီး မိမိယူလာတာမဟုတ်ကြောင်း ပန်တယ်လီက ဖြေရှင်းခဲ့ပါတယ်။

ဒါပေမယ့် စပါးအသင်းဘက်ကတော့ သူ့ကို တသက်တာပွဲကြည့်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

မြောက်လန်ဒန်ဒါဘီပွဲမှာ စုစုပေါင်း ပရိသတ် ၇ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မီးခိုးဗုံးပစ်တဲ့ အာဆင်နယ် ပရိသတ်တွေနဲ့ အများပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးခဲ့သူတွေကိုလည်း အရေးယူထားပါတယ်။

DVB