နွေရာသီမှာ အပြောင်းအရွှေ့ဖြစ်လာနိုင်ပေမယ့် ပီအက်စ်ဂျီကို ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ ဟာဇက်ဝန်ခံ

ချဲလ်ဆီးတိုက်စစ်ကစားသမား အီဒင်ဟာဇက်က ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ ငြင်းဆိုခဲ့ပေမယ့် လာမယ့်နွေရာသီမှာ ချဲလ်ဆီးကနေ ထွက်ခွာပြီး အခြားအသင်းတစ်သင်းကို ပြောင်းရွှေ့ကစားဖို့ ဖြစ်လာနိုင်တယ် ၀န်ခံလိုက်ပါတယ်။

အဆိုပါဘယ်လ်ဂျီယံကစားသမားရဲ့ ချဲလ်ဆီးနဲ့စာချုပ်သက်တမ်းဟာ နောက်ရာသီအကုန်မှာ ကုန်ဆုံးမှာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ဥရောပထိပ်တန်းကလပ်အသင်းအချို့က ဟာဇက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ၂၀၁၂ ခုနှစ်က လိုင်လီကနေ ချဲလ်ဆီးကိုရောက်လာတဲ့ ဟာဇက်က ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ ဆွေးနွေးခဲ့ဖူးပေမယ့် ပြောင်းရွှေ့ကစားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဟာဇက်က “အရင်တုန်းက ပီအက်စ်ဂျီနဲ့အဆက်အသွယ်ရှိခဲ့ပေမယ့် ကျွန်တော့်ကို မဆွဲဆောင်နိုင်ပါဘူး။ တစ်နေ့နေ့ ပြင်သစ်မှာ ပြန်ကစားဖြစ်ရင်တောင် လိုင်လီမှာပဲ ကစားမှာပါ။ ဒီအချိန်မှာတော့ ပြင်သစ်ကို ပြန်ကစားဖို့ မဖြစ်နိုင်သေးပါဘူး”လို့ ပြောခဲ့ပါတယ်။ ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ ငြင်းဆိုခဲ့ပေမယ့် ဒီရာသီဟာ ချဲလ်ဆီးမှာ သူ့ရဲ့ နောက်ဆုံးရာသီဖြစ်လာဖို့ရှိတယ်လို့ ဟာဇက်က ထပ်မံပြောကြားခဲ့ပါတယ်။

အသက်(၂၇)နှစ်အရွယ်ကစားသမားဟာ ၂၀၁၉-၂၀ ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်မှာဖြစ်လို့ အသင်းနဲ့ စာချုပ်သစ် ထပ်မချုပ်ဘူးဆိုရင် ချဲလ်ဆီးအနေနဲ့ သူ့ကိုရောင်းထုတ်ရဖို့ ရှိနေပါတယ်။ အသင်းပြောင်းရွှေ့ဖို့ ရှိပေမယ့် ဇန်န၀ါရီမှာ ချဲလ်ဆီးကနေ ထွက်ခွာမှာမဟုတ်ဘူးလို့ ဟာဇက်က ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ဟာဇက်က “ဇန်န၀ါရီမှာ အသင်းကနေ ထွက်ခွာဖို့ ဖြစ်လာမှာ မဟုတ်ပါဘူး။ အသင်းနဲ့ ပရိသတ်တွေကို ကျွန်တော် အဲလိုလုပ်မှာ မဟုတ်ပါဘူး။ လာမယ့်နွေရာသီမှာတော့ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ လက်ကျန် ကစားသမားဘ၀ တစ်ခုလုံး ချဲလ်ဆီးမှာ ကစားသွားတာမျိုး လဲဖြစ်နိုင်ပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။

-Ref: Skysports