MMA အကောင်းဆုံးဆုပေးပွဲ တက်ရောက်ရန် အောင်လအန်ဆန် စင်ကာပူ ရောက်ရှိ

ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် (2018 Global Martial Arts Awards) တစ်နှစ်တာအတွင်း MMA အကောင်းဆုံး ဆုပေးပွဲအခမ်းအနား တက်ရောက်ရန် နိုဝင်ဘာ ၇ ရက်က စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည်။

ယင်းဆုပေးပွဲကို နိုဝင်ဘာ ၈ ရက်တွင် စင်ကာပူ နိုင်ငံ JW Marriott Hotel ၌ ကျင်းပမည်ဖြစ်ပြီး အောင်လအန်ဆန်သည် အကောင်းဆုံး MMA အမျိုးသားကစားသမားဆု အပါအဝင် MMA သူရဲကောင်းဆု၊ အကောင်းဆုံး MMA ပွဲဆု၊ အကောင်းဆုံး အလဲထိုးနိုင်ပွဲဆု၊ ပွဲသိမ်းအမြန် ဆုံးကစားသမားဆု စသည့် ဆု ငါးမျိုး၏ ဆန်ခါတင်စာရင်းတွင် ပါဝင်နေသည်။

အောင်လအန်ဆန်သည် MMA (One Championship) ပြိုင်ပွဲ၏ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ် ဝိတ်တန်းနှစ်ခု၏ ကမ္ဘာ့ချန်ပီယံဖြစ်ပြီး ၂၀၁၈ အတွင်းထိုးသတ်ခဲ့သည့် MMA သုံးပွဲစလုံး အနိုင်ရရှိခဲ့သောကြောင့် အကောင်းဆုံး ဆန်ခါတင်စာရင်း ငါးခုအထိ ပါဝင်ခြင်းဖြစ်သည်။

ယင်းဆုပေးပွဲတွင် ၂၀၁၈ တစ်နှစ်တာအတွင်း MMA သူရဲ ကောင်းဆု၊ အကောင်းဆုံးအမျိုးသားဆု၊ အကောင်းဆုံးအမျိုးသမီးဆု၊ မွေထိုင်းအကောင်းဆုံးဆု၊ ကစ်ဘောင်ဆင် အကောင်းဆုံး ဆု၊ စံချိန်ချိုးနိုင်သည့် ကစားသမားဆု၊ အကောင်းဆုံးပွဲဆု၊ အကောင်းဆုံးအလဲထိုးပွဲဆု၊ ပရိသတ်အကြိုက်ဆုံးပွဲဆု၊ ပွဲသိမ်း အမြန်ဆုံးဆု၊ အကောင်းဆုံးအခမ်းအနားဆု၊ အကောင်းဆုံးလေ့ကျင့်ရေး ခန်းမဆု၊ အကောင်းဆုံး ဒိုင်လူကြီးဆု၊ အကောင်းဆုံး နည်းပြဆု၊ အလှဆုံး Ring Girl ဆု၊ အကောင်းဆုံး MMA သတင်းထောက်ဆု စုစုပေါင်းဆုအမျိုးအ စား ၁၆ မျိုး ချီးမြှင့်မည်ဖြစ်သည်။

7Days