စီရော်နယ်ဒိုကြောင့် သတင်းစာကိုတရားစွဲမယ့် ရီးရဲလ်
စီရော်နယ်ဒိုရဲ့ မုဒိမ်းမှုနဲ့ပတ်သက်တဲ့ ဖော်ပြချက်ကိုမကျေနပ်တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ပေါ်တူဂီ သတင်းစာ Correio da Manha ကို တရားဥပဒေအရ ရင်ဆိုင်သွားဖွယ်ရှိတယ်လို့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
စီရော်နယ်ဒိုဟာ ၂၀၀၉ ခုနှစ်က လက်စ်ဗီးဂတ်စ်နိုက်ကလပ်တစ်ခုမှာတွေ့ခဲ့တဲ့ မာယော်ဂါဆိုတဲ့အမျိုးသမီးကို သူ့ရဲ့အခန်းထဲခေါ်ကာ အလိုမတူဘဲ လိင်စော်ကားမှုကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ အဲဒီအတွက် စီရော်နယ်ဒိုက ရှေ့နေအဖွဲ့ကိုငှားရမ်းကာ ပြန်လည်ဖြေရှင်းနေပြီဖြစ်ပြီး သူ့ရှေ့နေရဲ့ပြောကြားချက်ထဲမှာတော့ ၂၀၀၉ ခုနှစ်က မုဒိမ်းမှုကျူးလွန်ခဲ့ခြင်းမရှိတာကို အတိအလင်းငြင်းဆန်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီအချိန်က မာယော်ဂါအနေနဲ့ ဒီဖြစ်ရပ်ကို လူသိရှင်ကြား မပြောဆိုဖို့အတွက်တော့ စီရော်နယ်ဒိုဘက်က လျော်ကြေးပေးခဲ့တယ်ဆိုတာကိုတော့ သူ့ရှေ့နေက၀န်ခံခဲ့ပါတယ်။ အဲဒီသတင်းထွက်ပေါ်လာပြီးနောက်မှာ ပေါ်တူဂီသတင်းစာ Correio da Manha က စီရော်နယ်ဒိုအနေနဲ့ မာယော်ဂါကို လျော်ကြေးပေးခဲ့ရတာဟာ ရီးရဲလ်အသင်းဘက်က ဖိအားပေးမှုကြောင့်ဖြစ်ကြောင်း၊ ရီးရဲလ်ဟာ အဲဒီအချိန်က စီရော်နယ်ဒိုကို စံချိန်တင် ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူထားကာစသာရှိသေးလို့ မလိုလားအပ်တဲ့ပြသနာတွေဖြစ်ကာ သူတို့ ထိခိုက်မယ့် အရေးကို ကာကွယ်ခဲ့တာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်အသင်းက အဲဒီသတင်းစာရဲ့ဖော်ပြချက်ကို အတိအလင်းငြင်းဆန်ခဲ့ပြီး ရီးရဲလ်ဟာ ကစားသမားရဲ့ပြသနာကို အဲဒီအချိန်ကတည်းက လုံးဝမသိရှိခဲ့တာကြောင့် လျော်ကြေးပေးပြီး ဖြေရှင်းခိုင်း စရာလည်း မလိုကြောင်း၊ Correio da Manha ရဲ့ မှားယွင်းတဲ့ဖော်ပြချက်အတွက် ဥပဒေကြောင်းအရ ရင်ဆိုင် သွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
90Minutes