ရဟတ်ယာဉ်ဖြင့် ထောင်ဖောက်ထွက်ပြေးသော ဂိုဏ်းစတားကို ပြင်သစ်နိုင်ငံတွင် ဖမ်းမိ

ဟောလိဝုဒ်ရုပ်ရှင်ပုံစံမျိုး ရဟတ်ယာဉ်ဖြင့် ထောင်ဖောက် ထွက်ပြေးသော ဂိုဏ်းစတားတစ်ဦးကို သုံးလခန့် ထွက်ပြေးလွတ် မြောက်နေပြီးမှ ပြင်သစ်နိုင်ငံတွင် ပြန်လည်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သော သတင်းရင်းမြစ်များက အောက်တိုဘာ ၃ ရက် နံနက်၌ ပြောသည်။

နာမည်ဆိုးဖြင့် ကျော်ကြားသော ပြင်သစ်ဓားပြ ရီဒိုနီဗာအစ်ကို ၎င်း၏ ညီအပါအဝင် အခြား အမျိုးသား သုံးဦးနှင့်အတူ ပါရီမြို့ မြောက်ဘက် အိုစီဒေသတွင် အင်္ဂါနေ့ညက ဖမ်းဆီးရမိခဲ့ ကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောကြားကာ စောစောပိုင်းက ဖော်ပြခဲ့သော သတင်းများကို အတည်ပြုသည်။

ထွက်ပြေးရန် ရဟတ်ယာဉ် တစ်စီးက စောင့်ဆိုင်းထားပြီး လက်နက်အများအပြားပါသော အပေါင်းပါနှစ်ဦးက မီးခိုးဗုံးများသုံးကာ တံခါးများကို ချိုးဖျက်ရန် ကျောက်စက်များ အသုံးပြုပြီး ဇူလိုင် ၁ ရက် ဗာအစ် လွတ်မြောက်ပြီး နောက်ပိုင်း လူအင်အားအပြည့်ဖြင့် ရှာဖွေခဲ့သည်။

 လေယာဉ်မောင်းသင်ကျောင်းမှ ကျောင်းသားများအဖြစ် ဟန်ဆောင်ထားသော အမျိုးသားနှစ်ဦးက ရဟတ်ယာဉ်မောင်းသူကို သေနတ်ဖြင့် ထောက်ကာ ယင်းအကျဉ်းထောင်သို့ မောင်းနှင်ခိုင်းခဲ့သည်။

ရဟတ်ယာဉ် မဆင်းနိုင်ရန် ပိုက်ကွန်များဖြင့် ကာရံထားခြင်း မရှိသော ယင်းအကျဉ်းထောင်၏ တစ်ခုတည်းသော ကွင်းပြင်တွင် ရဟတ်ယာဉ်မောင်းသူက ရဟတ်ယာဉ်ဆင်းသက်ပေးခဲ့ရသည်။

ဗာအစ်သည် ရဲမေတစ်ဦး သေဆုံးခဲ့သော ၂၀၁၀ က မအောင်မမြင်ဖြစ်ခဲ့သည့် လုယက်မှုတစ်ခုကြောင့် ထောင်ဒဏ် ၂၅ နှစ် ကျခံနေရစဉ် လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

၎င်းသည် ၂၀၁၃ ကလည်း ထောင်မှ ထွက်ပြေးလွတ်မြောက် ခဲ့ပြီး သီတင်းခြောက်ပတ်ကြာမှ ပြန်ဖမ်းမိခဲ့သည်။

—Ref: AFP