စိုးလင်းဦးနှင့် တရုတ်မွေထိုင်းချန်ပီယံ ကျောက်ဝမ်ဝမ်တို့ ထိုးသတ်မည်
၆ ကြိမ်မြောက်ကျင်းပမယ့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် ပြိုင်ပွဲကို လာမယ့် စက်တင်ဘာ ၂၉ ရက်နေ့ ကျင်းပမှာဖြစ်ပြီး အဓိကစိန်ခေါ်ပွဲအဖြစ် စိုးလင်းဦးနဲ့ တရုတ် မွေထိုင်းချန်ပီယံ ကျောက်ဝမ်ဝမ်တို့ ယှဉ်ပြိုင် ထိုးသတ်ကြမှာပါ။
အသက် ၂၁ နှစ်ရှိ ကျောက်ဝမ်ဝမ်ဟာ တရုတ်မွေထိုင်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်ထားပြီး ကစ်ဘောင်ဆင် ကစားသမား တဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။
ဒီပွဲမှာ စုစုပေါင်း တွဲဆိုင်း ၈ ပွဲပါဝင်ပြီး ကမ္ဘောဒီးယား၊ ဥဇဘက်ကစ္စတန်၊ ပေါ်တူဂီနဲ့ ဗီယက်နမ် ကစားသမားတွေလည်း ပါဝင်ထိုးသတ်ကြမှာပါ။
လိုက်ဝိတ်တန်းချန်ပီယံ ရွှေခါးပတ်လုပွဲအဖြစ် စောထူးအောင်က လက်ရှိချန်ပီယံ ကျော်ဇင်လတ်နဲ့ စိန်ခေါ်ထိုးသတ်မှာ ဖြစ်ပါတယ်။
နိုင်ငံတကာပွဲစဉ်တွေမှာတော့ မြန်မာက ရန်နိုင်ထွန်းနဲ့ ကမ္ဘောဒီးယားက ဆုန်ဟွန်၊ သပြေညိုနဲ့ ဥဇဘက်ကစ္စတန်က ခေါ်မူရိုဒေါ့ဗ်၊ ပေါ်တူဂီက အန်တိုနီယို ဖာရီယာနဲ့ ဗီယက်နမ်က ငုရင်တန်ကွမ်တို့ ပါဝင်ထိုးသတ်မှာပါ။
နောက်ထပ် ပြည်တွင်းတွဲဆိုင်း ၂ ပွဲမှာတော့ ပိုက်ထွေးနဲ့ ဆန်းသူဦး၊ လက်သီးမိုးနဲ့ ယှူကလိန်းမင်းတို့ ယှဉ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။
ဒီပွဲတွေကို သုဝဏ္ဏအားကစားပြိုင်ပွဲရုံ ၁ မှာ ကျင်းပမှာဖြစ်ပြီး လက်မှတ်ဈေးနှုန်းတွေအဖြစ် ၅ ထောင်၊ ၁ သောင်းနဲ့ ၅ သောင်းကျပ်ဆိုပြီး သတ်မှတ်ထားပါတယ်။
DVB