စားနပ်ရိက္ခာဘေးကင်းလုံခြုံရေး လုပ်ငန်းစဉ်အတွက် IFC နှင့် ကုန်သည်စက်မှုအသင်းချုပ် ပူးပေါင်းဆောင်ရွက်မည်
စားနပ်ရိက္ခာဘေးကင်း လုံခြုံရေးလုပ်ငန်းစဉ်များကို နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) နှင့် ကုန်သည် စက်မှုအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု စာချွန်လွှာကို စက်တင်ဘာ ၄ ရက်က လက်မှတ် ရေးထိုးသည်။
စားနပ်ရိက္ခာ ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်သောသင်တန်းများ၊ ပညာပေးအစီအစဉ်များနှင့် လက်တွေ့သင်ကြား ပြသသည့် အပိုင်းတွင် IFC နှင့် ကုန်သည်စက်မှုအသင်းချုပ် ပူးပေါင်း ဆောင်ရွက် =ရန် လက်မှတ်ရေးထိုး ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။ လယ်ယာထွက်ကုန် များနှင့် သားငါး၊ ရေထွက်ကုန်များ ပြည်ပသို့ တင်ပို့နေခြင်း ကြောင့် စားနပ်ရိက္ခာနှင့်ပတ်သက်၍ ဘေးကင်းစိတ်ချရေးလုပ်ငန်းစဉ်များ ကျယ်ပြန့်စွာ အသုံးပြုရန်လိုအပ်ကြောင်း ၎င်းကပြောသည်။
ပြည်ပ တင်ပို့သည့် ကုန်ပစ္စည်းများသည် အရည်အသွေး ကောင်းရုံသာမက ရေရှည်ဈေး ကွက်ဝင်အောင် ထိန်းသိမ်းထားနိုင်မည့် စားနပ်ရိက္ခာများ ဘေးကင်းစိတ်ချရေးကလည်း အရေးကြီးသည်ဟု ဦးရဲမင်းအောင်က ပြောသည်။ ‘‘စားနပ်ရိက္ခာဘေးကင်း လုံခြုံရေးလုပ်ငန်းစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ နိုင်ငံတကာစံချိန် စံညွှန်းနဲ့ အညီ ပူးပေါင်းဆောင်ရွက်သွားမှာပါ’’ဟု ၎င်းက ပြောသည်။ စားနပ်ရိက္ခာဘေးကင်း လုံ ခြုံရေး စီမံခန့်ခွဲမှု စနစ်တွင် ရင်းနှီးမြှုပ်နှံရခြင်းသည် နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ မြှင့်တင်ရေးအတွက် အဓိကလိုအပ်ချက် တစ်ခု ဖြစ်သည်ဟု IFC မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးနှင့် ပတ်သက်သော လုပ်ငန်းစဉ်များသည် နိုင်ငံတကာတွင် ကျယ်ပြန့်စွာ အသုံးပြု နေပြီး မြန်မာနိုင်ငံအနေဖြင့်လည်း စားသုံးသူများဘေးကင်းရန် နိုင်ငံတကာ စံညွှန်းနှင့်အညီ ပူးပေါင်း ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း ၎င်းကပြောသည်။