ဘရာဇီး-မက္ကဆီကို၊ ဘယ်လ်ဂျီယံ-ဂျပန် ထိပ်တိုက်တွေ့ဆုံမည့်ည

ဘရာဇီး – မက္ကဆီကို 

(ည ၈ နာရီ ခွဲ) 

ဘရာဇီးအနေဖြင့် ယခုအချိန်ထိ ချန်ပီယံခြေစွမ်းမပြနိုင်သေးဘဲ ဆွစ်ဇာလန်၊ ကော်စတာ ရီကာနှင့်ပွဲတွင် ရုန်းကန်ခဲ့ရပြီး နေမာလည်း စွမ်းဆောင်ရည် ကောင်းမပြနိုင်သေးပေ။ သို့သော် ကော်တင်ဟိုက ဘရာဇီးအတွက် အကျိုးပြုနေသည်။

ဘရာဇီးအုပ်စုနှင့်ယှဉ်လျှင် မက္ကဆီကို၏ အုပ်စုတွင်းပြိုင်ဘက်များက ပိုတောင့်တင်းပြီး အုပ်စု နောက်ဆုံးပွဲစဉ်တွင် ဆွီဒင်ကို သုံးဂိုးပြတ်ရှုံးနိမ့်သော်လည်း ကျန် ပွဲခြေစွမ်းက အထင်ကြီးစရာ ကောင်းသည်။

ရှုံးထွက်အဆင့်သို့ ရှစ်ကြိမ် ဆက်တက်လာသည့် မက္ကဆီကို အနေဖြင့် ၎င်းတို့ပုံစံအတိုင်းတန် ပြန်တိုက်စစ်မှ တစ်ဆင့် ဘရာဇီး ကို ဒုက္ခပေးရန်ကြိုးစားနိုင်ပြီး တိုက်စစ်မှူးများအဆုံး သတ်သေချာရန်လိုသည်။

ထိပ်တိုက်တွေ့ဆုံမှု ၄၀ တွင် ၂၃ ပွဲနိုင်၊ ခုနစ်ပွဲသရေကျထားပြီး ၁၀ ပွဲရှုံးထားသည့် ဘရာဇီးက ပွဲအဖြေ ပြောင်းလဲ ပေးနိုင်သော ကစားသမားများကို ပိုင်ဆိုင်ထားသဖြင့် အနိုင်ရဖို့များသည်။

ဘယ်လ်ဂျီယံ – ဂျပန် 

(ည ၁၂ နာရီခွဲ)

အုပ်စုပွဲစဉ်များတွင် ကိုးဂိုးသွင်းပြီး  နှစ်ဂိုးသာ ပြန်လည်ခွင့်ပြုခဲ့ရသည့် ဘယ်လ်ဂျီယံသည် ရှေ့၊ လယ်၊ နောက်ဟန်ချက်မျှသည်။ ဂျပန်အနေဖြင့်  ဟာဇက်၊ ကီဗင်ဒီဘရိုင်နှင့် လူကာကူ ဦးဆောင်သော ဘယ်လ်ဂျီယံ အလယ်တန်းနှင့်ရှေ့တန်းကို ရပ်တန့်ရန် လွယ်ကူမည် မဟုတ်ချေ။

နောက်ဆုံး ၁၅ ပွဲတွင် ၁၃ ပွဲအနိုင်ရခဲ့သော ဘယ်လ်ဂျီယံသည် ကစားသမားများကြား ချိတ်ဆက် နားလည်မှု မြင့်မားပြီး အင်္ဂလန်နှင့်ပွဲတွင် အဓိကပွဲထွက်က စားသမားများကို အနားပေးခဲ့သဖြင့် လန်းဆန်း နေသည်။

ဂျပန်က နည်းစနစ်ပိုင်းကျွမ်းကျင်မှု၊ စုဖွဲ့မှုဖြင့် ကစားတတ်ပြီး ဘယ်လ်ဂျီယံနှင့် ထိပ်တိုက်တွေ့ဆုံမှုတွင် အသာစီးရထားသည်။ သို့သော်အုပ်စုသုံးပွဲတွင် လေးဂိုးပြန်လည်ခွင့်ပြုခဲ့ရသော ဂျပန်ခံစစ်က ထက်မြက်သည့် ဘယ်လ်ဂျီယံ တိုက်စစ်ကို အချိန်ကြာကြာ တောင့်ခံနိုင်ခြင်းရှိ၊ မရှိစောင့် ကြည့်ရမည်ဖြစ်သည်။ ထိပ်တိုက် တွေ့ဆုံမှု ငါးကြိမ်တွင် ဂျပန်က နှစ်ပွဲနိုင်၊ နှစ်ပွဲသရေကျပြီး တစ်ပွဲသာ ရှုံးနိမ့်ခဲ့သော်လည်း တစ်ဦးချင်း စွမ်းရည်အပြင် အသင်းလိုက်ဟန်ချက် ပိုကောင်းသော ဘယ်လ်ဂျီယံက အနိုင်ရနိုင်ခြေပိုများသည်။

—Ref:Goonersguide.com