အနာဂတ်ကိုဆုံးဖြတ်ရမယ့်အချိန်မဟုတ်သေးဘူးဆိုတဲ့ စီရော်နယ်ဒို

ပေါ်တူဂီအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုက ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက်မှာ လက်ရွေးစင် ဘ၀က အနားယူရေးနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေ ရှိလာခဲ့ပေမယ့် ဒါတွေကို ပြောရမယ့်အချိန် မဟုတ်သေး ဘူးလို့ ငြင်းဆန်သွားခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ 2022 ခုနှစ်မှာကျင်းပမယ့် ကာတာပြိုင်ပွဲရောက်ချိန်ဆိုရင် အသက် 37 နှစ်ရှိနေမှာဖြစ်လို့ လက်ရွေးစင်ကစားသမားအဖြစ် ဆက်ကစားနိုင်ဖို့က မသေချာပါဘူး။ ဒါကြောင့်လည်း သူအနားယူမယ့် သတင်းတွေကို မီဒီယာတွေက သုံးသပ်ဖော်ပြနေကြတာပါ။

ဒါပေမဲ့ စီရော်နယ်ဒိုကတော့ ”အခုကျွန်တော့်အနာဂတ်ရော၊ နည်းပြနဲ့ ကစားသမား တစ်ယောက်ယောက် အကြောင်းကို ပြောဖို့ပါ အချိန်ကောင်း မဟုတ်သေးဘူး။ ဒီအသင်းက ကမ္ဘာမှာ အကောင်းဆုံးအသင်း တစ်သင်းအဖြစ် ရှေ့ဆက်သွားနိုင်မယ်ဆိုတာတော့ ကျွန်တော် သေချာပြောရဲပါတယ်။ အသင်းမှာ ရည်မှန်းချက် ကြီးတဲ့ ကစားသမားတွေရှိနေပြီး အောင်မြင်မှုတွေ ဆက်လက် ရယူကာ ပေါ်တူဂီသားတွေ ဂုဏ်ယူရတဲ့ အသင်းမျိုး ဖြစ်စေမှာပါ”လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် စီရော်နယ်ဒိုက ဥရုဂွေးထက်ပိုကောင်းအောင်ကစားနိုင်ခဲ့ပေမယ့် ဂိုးပိုသွင်းတဲ့အသင်းက အနိုင်ရသွားတာ ဖြစ်ကြောင်း၊ ဥရုဂွေးကိုလည်း ဂုဏ်ပြုကြောင်း၊ ပေါ်တူဂီအသင်းကို ဦးဆောင်ခွင့် ရခဲ့တာကို အလွန်ဂုဏ်ယူမိပြီး ကောင်းမွန်တဲ့ရလဒ်မဟုတ်ခဲ့ပေမယ့် ဒီနှစ်ပြိုင်ပွဲအပေါ်ကျေနပ်မိကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။

90Minutes