ပြင်သစ်အိုးပင်း ကွာတားဖိုင်နယ်တွင် ဇီဗီယက်နှင့် သီယန် ထိပ်တိုက်တွေ့

နိုင်ခြေအဆင့်(၂) သတ်မှတ်ခံရသူ အလက်ဇန်းဒါးဇီဗီယက်သည် ၎င်း၏ ပထမဆုံး ဂရင်းဆလမ်ပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ ခက်ခက်ခဲခဲ တက်ရောက်ခဲ့သည်။ ဂျာမန်တင်းနစ်သမားသည် ကာ ရန်ကာချာနော့ဗ်ကို ၄-၆၊ ၇-၅ (၄)၊ ၂-၆၊ ၆-၃၊ ၆-၃ ဖြင့် ပွဲ ငယ်ငါးပွဲ ကစားပြီးမှ အနိုင်ရခဲ့ပြီး ယင်းမှာ ၎င်း၏ တတိယမြောက် ပွဲငယ်ငါးပွဲ ကစားရခြင်းလည်း ဖြစ်သည်။

‘‘ကျွန်တော်က ငယ်ပါသေးတယ်။ ကျွန်တော်ကွင်းထဲမှာ ဆက်နေပြီး ခင်ဗျားတို့ကို ဆက်ဖျော်ဖြေပေးရင် ကောင်းမယ်ထင်တယ်’’ ဟု ဂျာမန်ကစားသမားက သုံးကြိမ်ဆက်တိုက် ပွဲငယ်ငါးပွဲ ကစားပြီးနောက် ပရိသတ်အား အရွှမ်းဖောက်ခဲ့သည်။
မိမိ၏ကြံ့ခိုင်မှုကို တည်ဆောက်ရန် နေ့စဉ်လေးနာရီခန့် အချိန်ပေးခဲ့ရသည်ဟု ဇီဗီယက် (၂၁)နှစ်က ထုတ်ဖော်ပြောကြားသည်။ ဇီဗီယက်အနေဖြင့် ထိုအစီ အစဉ်အတိုင်း ဆက်လက်ကျင့်သုံးရန် လိုမည်ဖြစ်သည်။ အကြောင်းမှာ ကွာတားဖိုင်နယ်ပြိုင်ဘက်သည် လက်ရှိကစားသမားများတွင် အကြံ့ခိုင်ဆုံးဟု နာမည်ကြီးသော သြစတြီးယားနိုင်ငံသား ဒိုမီနစ်သီယန် ဖြစ်နေသောကြောင့်ဖြစ်သည်။

နိုင်ခြေအဆင့် (၇) သီယန် က ဂျပန်မှ နိုင်ခြေအဆင့် (၁၉) နီရှီကိုရီကို ၆-၂၊ ၆-၀၊ ၅-၇၊ ၆-၄ ဖြင့် အနိုင်ရရှိပြီး ကွာတား ဖိုင်နယ်သို့ တက်ရောက်လာ သည်။ ယင်းမှာ သီယန်ကို ပထမ ဆုံးအကြိမ် ရှုံးခဲ့သော နီရှီကိုနီအ တွက် နာကျင်စရာဖြစ်သည်။ ယခုအခါ သီယန်သည် ဇီဗီယက်နှင့် ထိပ်တိုက်တွေ့မည်ဖြစ်သည်။

အမျိုးသမီးပြိုင်ပွဲတွင် အမေရိကန်သူ မက်ဒီဆင်ကီးစ်သည် ကွာတားဖိုင်နယ်သို့ ပထမဆုံး တက်ရောက်သူဖြစ်ပြီး ရိုမေးနီး ယားသူ ဘူဇာနက်စကူးကို ၆-၁၊ ၆-၄ ဖြင့် သက်သောင့်သက်သာ အနိုင်ရရှိခဲ့သည်။ ကီးစ် (၂၃) နှစ် သည် ပွဲငယ်တစ်ပွဲမျှမရှုံးဘဲ ဂရင်း ဆလမ် ကွာတားသို့ တက်ရောက် လာခြင်းဖြစ်သည်။

အမေရိကန်သူ စတုန်းစတီး ဗင်ကလည်း အက်စ်တိုးနီးယား တင်းနစ်မယ် အန်းနက်ကွန်တာ ဗိတ်ကို ၆-၂၊ ၆-၀ ဖြင့် အနိုင်ရပြီး ကွာတားဖိုင်နယ် တက်လာသည်။

—Ref: Reuters