အဂတိလိုက်စားမှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်ရန် မြန်မာနှင့် တောင်ကိုရီးယား နားလည်မှုစာချွန်လွှာရေးထိုး

အကျင့်ပျက်ခြစားမှု ကာကွယ်ရေးအဆုံးသတ်ရေးနှင့် ပတ်သက်၍ အသိပညာနှင့် ကျွမ်းကျင်မှုဝေမျှရေး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (ACC) နှင့် တောင်ကိုရီးယား နိုင်ငံအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့အခွင့် အရေးကော်မရှင် (ACRC) တို့ နားလည်မှု စာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။

ယင်းစာချွန်လွှာကို ACRCဥက္ကဋ္ဌ မစ္စစ်အန်ဂျောင်ပက်နှင့် ACC မှ ဦးအောင်ကြည်တို့ တောင်ကိုရီးယားနိုင်ငံ ဆီဂျောင်း မြို့တွင် မေလ ၃၀ ရက်၌ လက်မှတ်ရေးထိုးခဲ့သည်။ မြန်မာနိုင်ငံ အလားအလာ ရှိသလောက် တိုးတက် ရေးကို အဟန့်အတားဖြစ်စေသော အဖွဲ့အစည်းဆိုင်ရာ အဂတိလိုက်စားမှုပြဿနာများကို ဖြေရှင်းရေး မြန်မာ အစိုးရက ဆုံးဖြတ်ထားပြီး မိမိတို့၏ ကြိုတင်ကာကွယ်နိုင်စွမ်းနှင့် ပတ်သက်၍ ယခုနားလည် မှုစာချွန်လွှာက ACRC ထံမှ မိမိတို့ လေ့လာသင်ယူရန် ပထမခြေလှမ်းဖြစ်မည်ဟု မိမိတို့မြင်မိကြောင်း ACC ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။

‘‘ဒီကနေ့ နားလည်မှုစာချွန်လွှာနဲ့ လေ့လာရေးအစီအစဉ်က တောင်ကိုရီးယားရဲ့ အဂတိလိုက် စားမှုတိုက်ဖျက်ရေး အတွေ့အကြုံတွေကိုဝေမျှပြီး မြန်မာနိုင်ငံမှာ ထိရောက်တဲ့အဂတိလိုက်စားမှု တိုက်ဖျက်ရေးနည်းလမ်း တစ်ရပ်ပေါ် ပေါက်လာအောင် အထောက်အကူပြုဖို့ ကျွန်မမျှော်လင့်ပါတယ်’’ဟု ACRC ဥက္ကဋ္ဌ မစ္စစ်အန်ဂျောင်ပက် ပြောသည်။ ACRC ၏ အကျင့်ပျက်ခြစားမှု အန္တရာယ်လေ့လာချက်ကို မြန်မာနိုင်ငံက လေ့လာနားလည်နိုင်စေရေး အစိုးရ အရာရှိများအား နည်းစနစ်ပိုင်းဗဟုသုတနှင့် နိုင်ငံရေးဆိုင်ရာနားလည်သိရှိမှုများရ ရှိနိုင်ရေး ရည်ရွယ်ချက်ဖြင့် ယခု နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးပွဲကို ကျင်းပခြင်း ဖြစ်သည်။

တောင်ကိုရီးယား၏ ACRC ကိုယ်စားလှယ်များက အကျင့်ပျက်ခြစားမှုများနှင့် ဆက်စပ်သောလေ့လာချက်များ၊ မူဝါဒရေးသင် ခန်းစာများကို မြန်မာနိုင်ငံမှ တာဝန်ရှိသူများအား လက်တွေ့ ပို့ချ မည်ဖြစ်သည်။ ယင်းအခမ်းအနား သို့ UNDP ၏ ဆိုးလ်မြို့မူဝါဒရေးရာစင်တာ ညွှန်ကြားရေးမှူး မစ္စတာဘာလာ့စ်ဟိုဗာ့သ်၊ UNDP ၏ မြန်မာနိုင်ငံ ဆိုင်ရာနည်းပညာအကြံပေးအကြီးအကဲ မစ္စတာ ခရစ္စတိုဖာပို လစ်တစ်နှင့် လွှတ်တော်အဖွဲ့ဝင် ဦးနေမျိုးထွန်း၊ ဦးအောင်သိန်းတို့လည်း တက်ရောက်ခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ဖေဖော် ၀ါရီ ၂၅ ရက်တွင် အဖွဲ့ဝင် ၁၅ ဦးဖြင့် စတင်ဖွဲ့စည်းပြီး ဒီချုပ်အစိုးရလက်ထက် ၂၀၁၇ နိုဝင်ဘာ ၂၃ ရက်တွင် အဖွဲ့ဝင် ၁၂ ဦးဖြင့် အစားထိုးပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၂၀၁၇ နိုဝင်ဘာ ၂၄ ရက်မှ ၂၀၁၈ ဧပြီ ၃၀ ရက်အထိ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာ ၂,၁၇၀ ရောက်ရှိနေသည်။