အီဘိုလာရောဂါ ကူးစက်မှုများ ဖြစ်ပွားနေကြောင်း ကွန်ဂို အစိုးရ အတည်ပြု ထုတ်ပြန်
ကွန်ဂိုနိုင်ငံတွင် အီဘိုလာ ကာလဝမ်းရောဂါ ပျံ့နှံ့ ကူးစက်မှုများ ဖြစ်ပွားနေကြောင်း အစိုးရက အတည်ပြု ကြေညာလိုက်သည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း အသက်အန္တရာယ် စိုးရိမ်ရလောက်အောင် ပြင်းထန်သည့် အီဘိုလာ ဗိုင်းရစ်ပ်ပိုးသည် ကွန်ဂိုတွင် ခေါင်းထောင်လာကြောင်း မေလ ၈ ရက်က အတည်ပြု သတင်းထုတ်ပြန်ခဲ့သည်။
ကွန်ဂိုနိုင်ငံ အနောက်မြောက်ပိုင်းရှိ ဘီကိုရို ဒေသတွင် မသင်္ကာဖွယ် လူနာများကို ဆေးစစ်ခဲ့ရာ ဓာတ်ခွဲခန်း စမ်းသပ်မှု ရလဒ်များအရ အနည်းဆုံး နှစ်ဦးတွင် အီဘိုလာ ဖြစ်ပွားနေကြောင်း တွေ့ရှိခဲ့ရသည်။
အီဘိုလာ ဗိုင်းရပ်စ်သည် သားရိုင်းတိရစ္ဆာန်များမှ လူသားများထံ ရောက်ရှိလာနိုင်သလို လူအချင်းချင်းလည်း ကူးစက်နိုင်သည်။ ရောဂါ ကူးစက်ပါက သေဆုံးရန် ရာခိုင်နှုန်း ၅၀ မျှ ရှိသောကြောင့် သေနှုန်းမြင့်သည့် ကပ်ရောဂါ တစ်မျိုးအဖြစ် သတ်မှတ်ထားသည်။
ကွန်ဂိုတွင် ဓာတ်ခွဲစစ်ဆေးမှုများအရ အတည်မပြုနိုင်သော်လည်း ပြီးခဲ့သည့် ၅ ပတ်အတွင်း အီဘိုလာ သံသယလူနာ ၂၁ ဦး ရှိခဲ့ပြီး ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ “တကယ်လို့ နောက်ထပ် ဆေးစစ်မှု နမူနာတွေ ထပ်ရရင်တော့ ရောဂါ ပျံ့နှံ့ ကူးစက်မှုနဲ့ ပတ်သက်လို့ ပိုပြီး တိကျတဲ့ အချက်အလက်တွေ ရရှိလာနိုင်ပါတယ်”ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ ဒေါက်တာ မတ်ရှီဒီဆို မိုတီက ပြောကြားခဲ့သည်။
ကွန်ဂိုတွင် ယခင်ကလည်း အီဘိုလာ ကူးစက်မှုများ ဖြစ်ပွားခဲ့ဖူးသည်။ ယခုတစ်ကြိမ်သည် ၁၉၇၆ ခုနှစ်တွင် ကွန်ဂိုနိုင်ငံ စတင် ထူထောင်ချိန်နောက်ပိုင်း နဝမမြောက် ကြုံတွေ့ရသည့် အီဘိုလာ ကူးစက်မှု အဖြစ်လည်း မှတ်တမ်းဝင်လာခဲ့သည်။
ယမန်နှစ်ကလည်း ဘက်စ်အူလီ ဒေသတွင် အီဘိုလာ ကူးစက်မှု ဖြစ်ပွားခဲ့သော်လည်း အစိုးရ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးနှင့် ဒေသခံ အဖွဲ့အစည်းများ ပူးပေါင်း၍ အခြေအနေ မဆိုးခင် လျင်မြန်စွာ ထိန်းချုပ် တားဆီးနိုင်ခဲ့သည်။
Ref: CNN