၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပွဲတွင် အင်္ဂလန်ပရိသတ်များအား ပစ်မှတ်ထား တိုက်ခိုက်မှုများပြုလုပ်ရန် စီစဉ်နေ

၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲသို့ လာရောက်အားပေးမည့် အင်္ဂလန်အသင်း ပရိသတ်များအား ပစ်မှတ်ထားကာ တိုက်ခိုက်မှုများ ပြုလုပ်သွားရန် ရုရှားနှင့် အာဂျင်တီးနားနိုင်ငံများမှ လူရမ်းကားဂိုဏ်းအချို့က စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အဆိုပါ လူရမ်းကားဂိုဏ်းများသည် အင်္ဂလန်အသင်းပရိသတ်များအား ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် စီစဉ်မှုများ ပြုလုပ်ရန် online မှတဆင့် အစည်းအဝေးများ ကျင်းပခဲ့သည်ဟုဆိုသည်။

ထို့အပြင် ရုရှားနိုင်ငံမှ လူရမ်းကား ဂိုဏ်းအဖွဲ့ဝင်အချို့သည် အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီိစ်မြို့သို့ သွားရောက် ကာ အာဂျင်တီးနားနိုင်ငံမှ လူရမ်းကားဂိုဏ်ဝင်အချို့နှင့် သွားရောက် တွေ့ဆုံကာ ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ရုရှားဘောလုံးလူရမ်းကားအချို့သည် ပြင်သစ်နိုင်ငံတွင် ကျင်းပခဲ့သော ယူရို ၂၀၁၆ ပြိုင်ပွဲတွင်လည်း အင်္ဂလန် ပရိသတ်များကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးသည်။ ပြင်သစ်နိုင်ငံ မာဆေးမြို့ရှိ Stade Velodrome ကွင်းတွင် ယူရို ၂၀၁၆ ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် အင်္ဂလန်နှင့် ရုရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သောပွဲကစားမီ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတစ်ခုကြောင့် ပို့စ်မောက်မြို့တွင် နေထိုင်သူ အင်္ဂလန်အသင်းပရိသတ် အန်ဒရူးဘာချီ(၅၁နှစ်) သည် ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်ပွားခဲ့ကာ သတိလစ်မေ့မြောနေခဲ့ပြီး မကြာသေးမီကမှ ပြန်လည်သတိ ရလာခဲ့သည်။

အန်ဒရူးဘာချီအား တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ အသက် ၃၁နှစ်အရွယ်ရှိ ရုရှားနိုင်ငံသား ကိုယ်ကာယကြံ့ခိုင်ရေး ဆရာ မီဟာလီအိုက်ကိုင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းတွင် ဂျာမနီနိုင်ငံနိုင်ငံ၊ မြူးနစ်မြို့ရှိ လေဆိပ် တစ်ခုတွင် ဖမ်းဆီးခံခဲ့ရကာ ယူရို ၂၀၁၆ ပြိုင်ပွဲအတွင်း ကျူးလွန်ခဲ့သည့် တိုက်ခိုက်မှုကြောင့် ပြင်သစ်နိုင်ငံတွင် ထောင်ဒဏ် ၁၅ နှစ်ကျော်အထိ ကျခံရဖွယ် ရှိနေသည်။

ယူရို ၂၀၁၆ ပြိုင်ပွဲကာလအတွင်း ရုရှားလူရမ်းကားအုပ်စုများ၏ တိုက်ခိုက်မှု ခံခဲ့ရသော အခြား အင်္ဂလန်ပရိသတ် တစ်ဦးဖြစ်သူ စတီးဝပ်ဂါရေးသည်လည်း ယခုချိန်အထိ သတိလစ်ေ မ့မြောနေဆဲဖြစ်သည်ဟုဆိုသည်။

 

-Ref; Sky sports