ပျက်ကျသွားသည့် အီဂျစ်လေကြောင်းပိုင် လေယာဉ်၏ Black Boxမှ အချက်ပြလှိုင်းများ ဖမ်းယူရရှိ

cdw

မြေထဲပင်လယ်အတွင်း ပျက်ကျသွားသည့် အီဂျစ်လေကြောင်းပိုင် ခရီးသည်လေယာဉ်၏ Black Boxမှ ထုတ်လွှင့်နေသော အချက်ပြလှိုင်းများကို ပြင်သစ် ရေယာဉ်တစ်စီးက ဖမ်းယူရရှိခဲ့ကြောင်း သိရသည်။

ခရီးစဉ်အမှတ် ၈၀၄ လေယာဉ်သည် ပါရီမှ ကိုင်ရိုသို့ ပျံသန်းစဉ် ဂရိရေပိုင်နက်အနီး မြေထဲပင်လယ်ထဲ ပျက်ကျသွားခြင်း ဖြစ်သည်။ အဆိုပါ လေယာဉ်ပျက်ကို လိုက်လံရှာဖွေနေသည့် ပြင်သစ်ရေယာဉ် La Place တွင် တပ်ဆင်ထားသော အာရုံခံကိရိယာများက ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Black Boxမှ ထုတ်လွှတ်သည့် အချက်ပြလှိုင်းများကို ဖမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ပြင်သစ် လေကြောင်းမတော်တဆမှု စုံစမ်းဖော်ထုတ်ရေးဌာန (BEA) မှ တာဝန်ရှိသူ တစ်ဦးကလည်း ဇွန် ၁ ရက်တွင် ဖမ်းယူရရှိသည့် အချက်ပြလှိုင်းများသည် လူပေါင်း ၆၆ ဦးနှင့်အတူ ပျက်ကျသွားသည့် Airbus A320 လေယာဉ်မှဖြစ်ကြောင်း အတည်ပြုခဲ့သည်။

အဆိုပါ လေယာဉ်သည် မေ ၁၉ ရက်က ပျက်ကျခဲ့ခြင်းဖြစ်ပြီး လိုက်ပါလာသူအားလုံး သေဆုံးကြောင်း အီဂျစ်အစိုးရက အတည်ပြုခဲ့သည်။ လေယာဉ်၏ ပျံသန်းမှု မှတ်တမ်းနှင့် လေယာဉ်မှူးခန်း အတွင်းပိုင်း အသံမှတ်တမ်းများကို ရယူထားသည့် Black Box များကို ပြန်လည်ရှာတွေ့ရန် ကြိုးစားနေသော်လည်း လက်ရှိအချိန်ထိ အထမမြောက်သေးချေ။

Black Boxတွင် တပ်ဆင်ထားသည့် အချက်ပြ အသံလှိုင်းလွှင့် စနစ်မှာ ဘက်ထရီသက်တမ်း ရက် ၃၀ မျှသာ ခံနိုင်မည်ဖြစ်ရာ ယင်းမတိုင်မီ ရှာတွေ့ရန် အချိန်လု ကြိုးစားနေရခြင်း ဖြစ်သည်။ လေယာဉ်ပျက်ကျပြီး ရက်အနည်းငယ် အတွင်း လေယာဉ်အစိတ်အပိုင်း အချို့နှင့် သေဆုံးသူတို့၏ ရုပ်အလောင်း အကြွင်းအကျန် အချို့ကို ရှာတွေ့သော်လည်း လေယာဉ်၏ ပင်မကိုယ်ထည် နစ်မြုပ်နေသည့် နေရာကို မဖော်ထုတ်နိုင်သေးချေ။

သို့သော် Black Boxမှ အချက်ပြလှိုင်းများကို စတင်ဖမ်းယူ ရရှိလာပြီ ဖြစ်သောကြောင့် လေယာဉ်ပျက် နေရာကို ရှာတွေ့ရန် ပိုမိုနီးစပ်လာပြီဟု ကျွမ်းကျင်သူများက ယုံကြည်မျှော်လင့်လျက်ရှိသည်။

Ref: BBC


Leave a Reply