အာဖဂန် တာလီလန်တို့ကို ထိရောက်စွာ တုံ့ပြန်ကိုင်တွယ်ရန် လိုအပ်လာပြီဟု ထရမ့်ဆို
အာဖဂန် နစ္စတန်တွင် ဆိုးရွားရက်စက်လှသည့် အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကြီး ဖြစ်ပွားခဲ့သည့်နောက် တာလီဘန် စစ်သွေးကြွများကို ထိရောက်စွာ တုံ့ပြန် ကိုင်တွယ်ရန် လိုအပ်လာပြီဟု အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က အာဖဂန်မြို့တော် ကဘူးလ်တွင် စစ်သွေးကြွ အကြမ်းဖက်သမား တစ်ဦးက ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်လာသည့် လူနာတင်ယာဉ်ကို လူစည်ကားရာ နေရာတွင် စနက်တံဖြုတ် ဖောက်ခွဲခဲ့ရာ လူပေါင်း ၁၀၃ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရသည်။ ယင်းဖြစ်ရပ်သည် လအတန်ကြာအတွင်း ကဘူးလ်၌ အသေအပျောက် အများဆုံး အကြမ်းဖက် တိုက်ခိုက်မှုတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ယင်းမတိုင်မီ တစ်ပတ်ကလည်း ကဘူးလ်ရှိ ဟိုတယ်တစ်လုံးကို အကြမ်းဖက်သမားများက စီးနင်း ပစ်ခတ်မှုကြောင့် လူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့ရသေးသည်။
အာဖဂန် အစိုးရက ယခုဖြစ်ရပ်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝမ်းနည်းကြေကွဲမှု ကာလတစ်ခု သတ်မှတ် ကြေညာထားသည်။ ကဘူးလ်တွင် မြို့ခံများက သေဆုံးသူများ၏ ရုပ်အလောင်းများကို မြှုပ်နှံသင်္ဂြိုဟ်နေကြပြီး အစိုးရ၏ လုံခြုံရေး အာမခံချက် နည်းပါးမှုအပေါ် ဒေါသထွက်နေကြောင်း သိရသည်။
တာလီဘန်တို့က ကဘူးလ်တွင် ဆက်တိုက် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများမှာ ၎င်းတို့ စီမံကိုင်တွယ်ခြင်း ဖြစ်ကြောင်း ကြေညာထားသည်။
ထရမ့်က တာလီဘန်တို့၏ ရန်လို ရက်စက်မှုများကို ချိုးနှိမ်ရန်အတွက် အာဖဂန် အစိုးရနှင့် ပူးပေါင်း အဖြေရှာရန် လိုအပ်ကြောင်း ဆိုသည်။ “ဒီလို လူမဆန်တဲ့ သတ်ဖြတ်မှုတွေ ပြန်လည် ထူပြောလာခြင်းနဲ့ ပတ်သက်လို့ အာဖဂန်က လက်တွဲဖော်တွေနဲ့ ပူးပေါင်း ဖြေရှင်းသွားရပါမယ်။ တာလီဘန်တွေရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေက သည်းခံနိုင်စရာ အကြောင်းမရှိပါဘူး။ အမေရိကန် ပြည်ထောင်စုဟာ အကြမ်းဖက်မှု ကင်းစင်ပြီး လွတ်လပ်စွာ ရပ်တည်နိုင်တဲ့ အာဖဂန်နစ္စတန်နိုင်ငံ ဖြစ်တည်ရေးအတွက် လိုလားပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ ဘယ်လို အကြမ်းဖက် မူဝါဒမျိုးကိုမှ အာဖဂန်မှာ စွဲကပ်မနေစေလိုပါဘူး”ဟု ထရမ့်က ပြောကြားခဲ့သည်။
အာဖဂန်ဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့၏ အကြီးအကဲဖြစ်သူ တာဒါမီချီ ယာမာမိုတိုကလည်း ယခု တိုက်ခိုက်မှုသည် အရပ်သား အများအပြား ရှိနေသည့် နေရာကို ပစ်မှတ်ထားသည့် လူမဆန်သော ကြမ်းကြုတ်မှု သက်သက်သာဖြစ်ကြောင်း ရှုတ်ချခဲ့သည်။
နိုင်ငံတကာ ကြက်ခြေနီ ဌာနကလည်း အကြမ်းဖက်မှု တစ်ခုတွင် လူနာတင် ကားတစ်စီးကို လက်နက်အဖြစ် အသုံးချသည့် တာလီဘန်တို့၏ လုပ်ရပ်မှာ စက်ဆုပ်ရွံရှာစရာ အလွန်ကောင်းကြောင်း သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။
Ref: BBC