ဖိလစ်ပိုင်ရှိ မေယွန်မီးတောင် လှုပ်ရှားမှုများကြောင့် ဒေသခံ သောင်းနှင့်ချီပြီး အရေးပေါ်ပြောင်းရွှေ့

ဖိလစ်ပိုင် နိုင်ငံရှိ မေယွန်မီးတောင် လှုပ်ရှားမှုများကြောင့် အနီးအနားမှ ဒေသခံ သောင်းနှင့်ချီပြီး အရေးပေါ် ရွှေ့ပြောင်းပေးနေရကြောင်း သိရသည်။

ကယ်ဆယ်ရေး ဌာနက မေယွန်မီးတောင် အနီးတဝိုက် ဧရိယာများမှ လူပေါင်း ၃၄၀၀၀ ထက်မနည်းကို ချက်ချင်း ရွှေ့ပြောင်းနိုင်ရန် ကူညီပေးနေကြောင်း ကြေညာသည်။ ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်တိုင်းတာရေး ဌာနက နိုင်ငံ အရှေ့မြောက်ပိုင်း၊ အယ်လ်ဘေး ခရိုင်ရှိ မေယွန်မီးတောင်မှ ယိုဖိတ် စီးကျလာသည့် ချော်ရည်များသည် ၁.၂ မိုင်မျှ အကွာအဝေးထိ ရောက်ရှိနေပြီဟု သတိပေးထားသည်။

“ဒီလိုမျိုး ချော်ရည်တွေ လွင့်စင် ပေါက်ကွဲထွက်မှုဟာ ပုံမှန်အားဖြင့် တစ်ပတ်လောက် အချိန်ကြာတတ်ပါတယ်။ ဒီအတောအတွင်း ဒေသခံတွေကို ယာယီ ခိုလှုံရေး စခန်းတွေဆီ ရွှေ့ပြောင်းပေးထားဖို့ မဖြစ်မနေ လိုပါတယ်”ဟု အယ်လ်ဘေးခရိုင် အုပ်ချုပ်ရေးမှူး အယ်လ်ဖရန်ဆစ် ဘီချာရာက ပြောကြားခဲ့သည်။

မေယွန်မီးတောင်သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က စတင် လှုပ်ရှားလာပြီး အတွင်းပိုင်း၌ ပေါက်ကွဲမှုများ ဖြစ်ပွားကာ ချော်ရည်များကို မှုတ်ထုတ်နေခဲ့သည်။ ဒေသတွင်းရှိ စာသင်ကျောင်း အချို့မှာ ယာယီ ခိုလှုံရေးစခန်း ဖြစ်လာပြီး ရပ်ဝေးတွင် ဆွေမျိုးရှိသူများကလည်း အယ်လ်ဘေးမှ ထွက်ခွာသွားကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မီးတောင် ပေါက်ကွဲမှု အရှိန်ကြောင့် အယ်လ်ဘေးတွင် မြေလွှာ တုန်ခါမှု အနည်းဆုံး ၉ ကြိမ်မျှ သက်ရောက် ခံစားခဲ့ရကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ အာဏာပိုင်များက မီးတောင် ပတ်ပတ်လည် လေးမိုင်ခွဲမျှ အကွာထိ ဧရိယာကို အန္တရာယ်ဇုန်အဖြစ် အလေးအနက် သတိပေး ကြေညာထားသည်။

မနီလာမြို့တော် အရှေ့တောင်ဘက် မိုင်ပေါင်း ၂၁၀ မျှ အကွာတွင် တည်ရှိသည့် မေယွန်မီးတောင် ပတ်ဝန်းကျင်တွင် မြေဩဇာ ကောင်းမွန်ပြီး ဆီအုန်းသီးနှံများ စိုက်ပျိုးထားပြီး လူနေထူထပ်သည်။ မီးတောင် ပတ်ဝန်းကျင်ရှိ ရှုခင်းများမှာလည်း သာယာ လှပသောကြောင့် ကမ္ဘာလှည့် ခရီးသွား အများအပြားကို ဆွဲဆောင်လေ့ရှိသည်။ သို့သော် မေယွန်သည် သမိုင်းတွင် အနိုးကြား အလှုပ်ရှားဆုံး မီးတောင်တစ်ခုအဖြစ် ရှိခဲ့ပြီး နှစ်ပေါင်း ၅၀၀ မျှအတွင်း အကြိမ် ၅၀ မျှထိ ပေါက်ကွဲခဲ့ဖူးကြောင်း သိရသည်။  

Ref: Fox News