လုံခြုံရေးထူထဲစွာချထားသည့်ကြားက ကာဘူးလ်မြို့ သံတမန်ရပ်ကွက်တစ်ခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပြီး ငါးဦးသေဆုံး
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကာဘူးလ်ရှိ လုံခြုံရေးထူထဲစွာ ချထားသည့် သံတမန်ရပ်ကွက်တစ်ခု၌ ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားသွားခဲ့ရာ အနည်းဆုံး လူငါးဦး သေဆုံးပြီး ဒါဇင်နဲ့ ချီ ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူများက ပြောသည်။
ယခု တိုက်ခိုက်မှုဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် အရေးကြီးသည့်နေရာများကို လုံခြုံရေးတင်းကျပ်ဆောင်ရွက် ထားသော်ငြားလည်း တိုက်ခိုက်မှုများကို တားဆီးကာကွယ်နိုင်သေးခြင်း မရှိသေးသည်ကို ပြသနေလျက်ရှိ ကြောင်းလည်း သိရသည်။
အသေခံဗုံးခွဲသမားသည် အသက် ၁၂ နှစ်လောက်သာ ရှိသေးသည့် ဆယ်ကျော်သက်တစ်ဦး ဖြစ်သည်ဟု ယုံကြည်ရကြောင်းလည်း တာဝန်ရှိသူများက ပြောသည်။
ယခုဖြစ်စဉ်သည် မြို့တော်ရှိ “အစိမ်းရောင် ဇုန်” ဟု ခေါ်ဆိုကြသည့် သံတမန်များနေထိုင်ရာ ဇုန်ကို ပစ်မှတ် ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုဖြစ်စဉ်မတိုင်ခင် ပြီးခဲ့သည့် မေလ ၃၁ ရက်ကလည်း ယင်းဧရိယာမှာပဲ ကြီးမားသည့် ထရပ်ကား ဗုံးခွဲတိုက်ခိုက်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ရာ လူရာနှင့်ချီ သေဆုံး၊ ဒဏ်ရာရရှိထားခဲ့သေး ကြောင်း သိရသည်။
ယခု အသေခံဗုံးခွဲတိုက်ခိုက်မှုသည် မိမိတို့ လက်ချက်ဖြစ်ကြောင်း အစ္စလမ္မစ်နိုင်ငံတော် အိုင်အက်စ်အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။ ယခုတိုက်ခိုက်မှုမတိုင်ခင် ယင်းနိုင်ငံတွင် မကြာသေးသည့် သီတင်းပတ်များက လည်း လုံခြုံရေးစခန်းများနှင့် ဗလီများကို ပစ်မှတ်ထားကာ မကြာခဏဆိုသလို တာလီဘန်နှင့် အိုင်အက်စ် စစ်သွေးကြွများ၏ အသေခံတိုက်ခိုက်မှုဖြစ်စဉ်များ ပေါ်ပေါက်ထားခဲ့သေးသည်။
လုံခြုံရေးထူထဲစွာ ချထားသည့် ဇုန်အတွင်းရှိ အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနအဆောက်အအုံတစ်ခု အတွင်းမှ ထွက်လာသော အမှုထမ်းများကို ယခု အသေခံတိုက်ခိုက်သူက ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ပုံရကြောင်း အာဖဂန် အနောက်ပိုင်းဒေသ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသွားသည်။
-Ref; AFP