ဆော်ဒီမှာ အမျိုးသမီးတွေ အားကစားပွဲ ကြည့်ခွင့်ရ

ဆော်ဒီအာရေးဘီးယားတွင် အမျိုးသမီးများကို အားကစားရုံများထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ကြည့်ရှုခွင့် ပေးလာဖွယ် ရှိနေကြောင်း သိရသည်။

ဆော်ဒီ အာဏာပိုင်များက အမျိုးသမီးများနှင့် ပတ်သက်၍ ကြီးကြီးမားမား ကန့်သတ်တားဆီးမှု အချို့ကို ဖယ်ရှားဖွယ် ရှိနေကြောင်း အတည်ပြုခဲ့သည်။ ဆော်ဒီအစိုးရသည် ပြီးခဲ့သည့် လပိုင်းအတွင်းက အမျိုးသမီးများ ကိုယ်တိုင် ကားမောင်းခြင်းကိုလည်း နိုင်ငံသမိုင်းတလျှောက် ပထမဆုံးအကြိမ် ခွင့်ပြုပေးခဲ့သည်။

ယခုအစီအစဉ် အသစ်၌ အမျိုးသမီးများသည် မိသားစုနှင့်အတူ အားကစားရုံများထဲ လိုက်ပါပြီး အားကစားပွဲ များကို အားပေးခွင့် ရှိလာမည် ဖြစ်သည်။ လတ်တလောတွင်မူ ရီယတ်ဒ်၊ ဂျာဒါးနှင့် ဒမ်မမ် မြို့ကြီးသုံးခုတွင်သာ အဆိုပါ ခွင့်ပြုချက်ကို စတင် ကျင့်သုံးဦးမည် ဖြစ်သည်။

ဆော်ဒီသည် ကမ္ဘာပေါ်တွင် လိင်ခွဲခြားဆက်ဆံမှု စံနှုန်းများအရ အနိမ့်ပါးဆုံး စာရင်းဝင် နိုင်ငံတစ်ခုအဖြစ် ရှိခဲ့ သော်လည်း ယခုအခါ ယင်းအခြေအနေကို ပြောင်းလဲရန် စတင် အားထုတ်လာခဲ့သည်။ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်က ဆော်ဒီတွင် အစွန်းရောက် သဘောတရားများကို ဖယ်ရှားပြီး ပိုမို၍ အလယ် အလတ်လမ်းစဉ်ကျသော အစ္စလာမ်မစ် ဝါဒမျိုး ထွန်းကားရန် လိုအပ်ကြောင်း ပြောကြားထားသည်။ ၎င်းသည် ပိုမိုခေတ်မီသည့် ဆော်ဒီလူ့အဖွဲ့အစည်းကို ဖော်ဆောင်ပြီး နိုင်ငံ၏စီးပွားရေးကို မြှင့်တင်ရန် တွန်းအားပေးနိုင် မည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ယူဆခြင်း ခံထားရသည်။

ဆော်ဒီ အားကစားရေးရာ အာဏာပိုင်များက ယခုအပြောင်းအလဲအတွက် လျော်ညီသည့် စံသတ်မှတ်ချက် များကို အားကစားရုံကြီး သုံးခုတွင် စတင် တပ်ဆင်သွားမည်ဟု ဆိုသည်။ အထူးသဖြင့် မိသားစုဝင်များ စုရုံးကြည့်ရှု အားပေးနိုင်သည့် ပွဲကြည့်စင် အခင်းအကျင်းမျိုး ပြောင်းလဲရန် ဦးစားပေး လုပ်ဆောင်မည်ဟု ၎င်းတို့က ပြောကြားခဲ့သည်။

ထို့အပြင် အားကစားရုံများထဲ၌ ကဖေးနှင့် စားသောက်ဆိုင်များ၊ TV Screen အကြီးစားများ တပ်ဆင်ရန်လည်း လုပ်ဆောင်နေသည်။ ထိုအစီအစဉ်များသည် ၂၀၁၈ အစောပိုင်းတွင် စတင်မည်ဖြစ်ပြီး ယင်းမတိုင်မီ၌မူ အားကစားရုံများထဲသို့ အမျိုးသမီးများ ဝင်ရောက်ခွင့် ရဦးမည် မဟုတ်ဟု သိရှိရသည်။

Ref: BBC