ကိုယ်ဝန်ဆောင်ချိန် ရှိသင့်သော အလေးချိန်ထက် ပိုများနေပါက ဆီးချိုရောဂါဖြစ်ပွားနိုင်
ကိုယ်ဝန်ဆောင်ချိန် အမျိုးသမီးများသည် ၎င်းတို့၏ အရပ်အမြင့်ပေါ် မူတည်၍ ရှိသင့်သော ကိုယ်အလေးချိန်ထက် ပိုများနေပါက ကိုယ်ဝန်ဆောင်မှုနှင့်ဆိုင်သော ဆီးချိုရောဂါဖြစ်ပွား နိုင်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။
ကိုယ်ဝန်ဆောင်ချိန်အတွင်း ကိုယ်အလေးအချိန် မြင့်တက်ရန် လိုအပ်မှုသည် ခန္ဓာကိုယ်ညွှန်းကိန်း (BMI) အပေါ် မူတည်သည်။
အကယ်၍ BMI သည် ၂၅ မှ ၂၉ ဒသမ ၉ အတွင်းရှိပါက ကိုယ်ဝန်ဆောင်မှု အဆုံးသတ်ချိန်တွင် ၁၅ ပေါင်နှင့် ၂၅ ပေါင်ကြား မြင့်တက်သင့်သည်။ (သို့မဟုတ်) ကိုယ်ဝန်ဒုတိယသုံးလပတ်နှင့် တတိယသုံးလပတ်အတွင်း တစ်လလျှင် နှစ်ပေါင်မှ သုံးပေါင်အထိ မြင့်တက်သင့်သည်။
အကယ်၍ BMI ၃၀ ထက် မြင့်မားသူများအနေဖြင့် ကိုယ်ဝန်ဆောင်ချိန်အတွင်း ကိုယ်အလေးချိန် ၁၁ ပေါင်မှ ပေါင် ၂၀ အထိ မြင့်တက်သင့်သည်ဟု ကျွမ်းကျင်သူများကပြောသည်။
သို့သော် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ ထက်ဝက်ကျော် သည် သာမန်ထက် ကိုယ်အလေးချိန်ပိုများနေခြင်း (သို့မဟုတ်) အဝလွန်ဖြစ်ခြင်းတို့ ဖြစ်ပေါ်လေ့ရှိသည်။
ကိုယ်ဝန်ဆောင်ချိန်အတွင်း အစားရှောင်ပြီး ကိုယ်အလေးချိန် လျှော့ချရန် မသင့်တော်ပေ။ စားသောက်သော အစားအသောက်ကို ကန့်သတ်ခြင်းက မိခင်လောင်းနှင့်ကလေး ဖွံ့ဖြိုးမှုတို့အတွက် အန္တရာယ်ရှိနိုင်သည်။
ပထမသုံးလပတ်အတွင်း ပျို့အန်ခြင်းဖြစ်ပေါ်နိုင်သဖြင့် ကိုယ်အလေးချိန် လျော့ကျခြင်းသည် ကြုံတွေ့နေကျ ဖြစ်သည်။
အကယ်၍ ကိုယ်အလေးချိန်ပိုများနေခြင်း (သို့) အဝလွန်ခြင်း ဖြစ်နေပါက လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာရေး ဆိုင်သော အစားအစာများ စားခြင်းဖြင့် ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်သည်။ ယင်းအလေ့အကျင့် နှစ်မျိုးစလုံး ကြောင့် ကိုယ်ဝန်ဆောင်မှုအပေါ် အပေါင်းလက္ခဏာဆောင်သော သက်ရောက်မှုဖြစ်စေနိုင်ပြီး ကိုယ်ဝန် ဆောင်မှုဆိုင်ရာ ဆီးချိုရောဂါဖြစ်ပွားခြင်းနှင့် အခြားကာကွယ်ရှုပ် ထွေးမှု အန္တရာယ်များ လျော့ကျစေနိုင်သည်။
ကိုယ်ဝန်ဆောင်ချိန်အတွင်း လုံလောက်သော အာဟာရဓာတ် ရရှိရန်လိုပြီး နေ့စဉ် ရေများများ သောက်ရန်လိုသည်။
လမ်းလျှောက်ခြင်း၊ ရေကူးခြင်းနှင့် မပြင်းထန်သော လေ့ကျင့်ခန်းများ လုပ်ဆောင်သင့်သည်။ သို့သော် ဆရာဝန်နှင့်တိုင်ပင်ပြီးမှသာ လေ့ကျင့်ခန်းလုပ်သင့်သည်။
(7days)