WLC-3 ပြိုင်ပွဲ၏ ချန်ပီယံလုပွဲ တွဲဆိုင်းများ ထွက်ပေါ်လာ၊ ပြိုင်ပွဲကို နိုင်ငံပေါင်း ၄ဝ ကျော်တွင် တိုက်ရိုက် ထုတ်လွှင့် ပြသမည်

ရန်ကုန် စက်တင်ဘာ ၁၂

လာမည့်နိုဝင်ဘာလ ပထမပတ်အတွင်း ကျင်းပရန် စီစဉ်ထားသော မြန်မာ လက်ခမောင်း ကုမ္ပဏီ၏ WLC-3 ပြိုင်ပွဲအတွက် ချန်ပီယံ လုပွဲ တွဲဆိုင်းများထွက်ပေါ်လာခဲ့ပြီး ယင်း ပြိုင်ပွဲကို နိုင်ငံပေါင်း ၄ဝ ကျော်တွင် တိုက် ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာလက်ခမောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့သော တွဲဆိုင်းများတွင် တစ်ကျော့ပြန် လက်ဝှေ့ကျော် စောငမန်းနှင့် ဖာရယ်တို့၏ တွဲဆိုင်းအပြင် ချန်ပီယံခါးပတ်ကို လုရမည့် တူးတူးနှင့် ဘာဒါဒို (ဖိလစ်ပိုင်)တို့၏ တွဲဆိုင်းလည်း ပါဝင်သည်။

စောငမန်းနှင့်ထိုးသတ်မည့် ဖာရယ်မှာ WLC-1 တွင် တူးတူးနှင့် ထိုးသတ်ခဲ့ပြီး ရှုံးနိမ့်ခဲ့ သူလည်းဖြစ်သည်။ ၎င်းအပြင် အထူးပွဲစဉ်အဖြစ် တူးတူးနှင့် ဘာဒါဒို(ဖိလစ်ပိုင်)တို့သည် WLC မစ်ဒယ် ဝိတ်တန်းချန်ပီယံ ဘွဲ့အတွက် ယှဉ်ပြိုင် စာထိုးသတ် ကြမည်ဖြစ်ပြီး အနိုင်ရရှိသူသည် မြန်မာ လက်ခမောင်း ကုမ္ပဏီ၏ ပထမ ဆုံးသော မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကို ရရှိမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ WLC-3 ပြိုင်ပွဲကို ပြည်တွင်း ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်ပြသမည့်အပြင် နိုင်ငံပေါင်း ၄ဝ ကျော်သို့ Fight Channel မှတစ်ဆင့် တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ ယင်းပွဲစဉ်အတွက် လက်မှတ်ဈေးနှုန်းများကို ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ပွဲစဉ်မတိုင်မီ ကြိုတင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ WLC-3 ပြိုင်ပွဲတွင် ရွှေခါးပတ်လုပွဲများ အပါအဝင် မြန်မာ့ရိုးရာ နာမည်ကြီး လက်ဝှေ့ ကစားသမားများ အစုံအလင် ပါဝင် ယှဉ်ပြိုင် ထိုးသတ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

(မြ၀တီ)