၂၁ ရာစုပင်လုံ ညီလာခံသို့ ကုလ အထွေထွေ အတွင်းရေးမှူးချုပ်ကို ဖိတ်ကြားမည်
ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးသို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် အပါအဝင် မြန်မာနိုင်ငံရှိ သံရုံးများမှ သံတမန် များကို ဖိတ်ကြားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၁ ရာစုပင်လုံညီလာခံဖွင့်ပွဲနေ့နှင့် ညစာစားပွဲဖိတ်ကြားရေးကို အစိုးရက တာဝန်ယူထားပြီး ညီလာခံကိုယ်စား လှယ်များ၊ လေ့လာသူများဖိတ်ကြားရေးကို အစိုးရ၊ နိုင်ငံရေးပါတီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် စုဖွဲ့ထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) က ဖိတ်ကြားမည်ဖြစ်သည်။
‘‘ဖွင့်ပွဲရှိမယ်။ ညစာစားပွဲရှိမယ်။ အဲဒီမှာ အစိုးရဘက်ကဖိတ်မယ်။ အထွေထွေအတွင်းရေးမှူးချုပ်ရုံးနဲ့ ပြောနေ တာတွေရှိတယ်။ တက်ဖြစ်၊ မတက်ဖြစ်တော့ မသေချာဘူး။ သို့သော် အထွေထွေ အတွင်းရေးမှူးချုပ် ကိုတော့ ဖိတ်မယ်။ နောက်တစ်ခုက ပြည်တွင်းမှာရှိတဲ့ သံရုံးတွေက သံတမန်တွေဖိတ်မယ်’’ ဟု သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
အစိုးရသစ်လက်ထက်တွင် ပထမဆုံးကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံ ပထမအစည်းအဝေးသို့ ကုသသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ လက်ရှိ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယိုဂူတာရက်စ်သည် မစ္စတာဘန်ကီမွန်းနေရာကို ဆက်ခံသူ ဖြစ်သည်။
ညီလာခံသို့ ရွေးကောက်ပွဲအနိုင်မရသည့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌအပါအဝင် နှစ်ဦးကို ဖိတ်ကြားမည်ဟု လည်း UPDJC နိုင်ငံရေးပါတီကိုယ်စားလှယ် တာလှဖေက ဆိုသည်။
ထို့အပြင် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို လေ့လာသူအဖြစ် ဖိတ်ကြားမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။ ‘‘ဖွင့်ပွဲနေ့တော့ ကိုးရာ လောက်ရှိမယ်ဗျ’’ ဟု တက်ရောက်မည့် သူအရေအတွက်ကို တာလှဖေက ခန့်မှန်းပြောကြားသည်။
၂၁ ရာစုပင်လုံညီလာခံကို မေလ ၂၄ ရက်မှ ၂၈ ရက်ထိ ငါးရက်ကြာ ကျင်းပမည်ဖြစ်သည်။ အဆိုပါ ညီလာခံတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ပြီး ကဏ္ဍအလိုက် ဆွေးနွေးပွဲများ၊ အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများနှင့် ညီလာခံအတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက် မည်ဖြစ်သည်။
၂၁ ရာစုပင်လုံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒများ စသည့် ကဏ္ဍများမှ အချက် ၄၁ ချက်ကို ဆွေးနွေးမည်ဖြစ်သည်။ နိုင်ငံရေးကဏ္ဍတွင် ဆွေးနွေး မည့် အကြောင်းအရာများ၌ ဖက်ဒရယ်ဆိုင်ရာကိစ္စများ ပါဝင်သည်။
# 7 Day