Wikipedia မူကွဲ တရုတ် အွန်လိုင်း စွယ်စုံကျမ်းကို ၂၀၁၈ တွင် စတင် လွှင့်တင်မည်ဟု အတည်ပြု
တရုတ်၏ ကိုယ်ပိုင် Wikipedia (အွန်လိုင်း စွယ်စုံကျမ်း)ကို လာမည့်နှစ်တွင် အစပြု လွှင့်တင်သွားမည်ဟု သိရှိရသည်။
အဆိုပါ တရုတ် Wikipediaသည် ကမ္ဘာပေါ်တွင် လက်ရှိ လူသုံးအများဆုံး စွယ်စုံကျမ်းအဖြစ် ရပ်တည်နေသည့် အမေရိကန် အခြေပြု Wikipediaကို တိုက်ရိုက် ယှဉ်ပြိုင်မည်ဖြစ်သည်။ ယခုပရောဂျက် ဖြစ်မြောက်ရေး တာဝန်ခံများသည် လိုအပ်သည့် အချက်အလက်များကို ဖြည့်ဆည်းရေးသားရန်အတွက် လူပေါင်း နှစ်သောင်း ကျော်ကို ငှားရမ်းထားပြီး ဖြစ်သည်။
တရုတ် Wikipediaကို အစပြု လွှင့်တင်ချိန်တွင် စာလုံးရေ ၁၀၀၀ ဝန်းကျင် ရေးသားထားသည့် အကြောင်း အရာ သုံးသိန်းကျော် ပါရှိနေမည်ဟု သိရသည်။ လူသုံးများသည့် Wikipediaနှင့် အဓိက ကွာဟသော အချက်မှာ တရုတ်ဗားရှင်း Wikipediaသည် လူတိုင်း ဝင်ရောက် ပြင်ဆင်ရေးသားခွင့် မရှိဘဲ တရုတ် အစိုးရ တက္ကသိုလ်များမှ ပညာရှင်များကိုသာ အချက်အလက်များ ရေးသားဖြည့်သွင်းခွင့် ပေးထားခြင်း ဖြစ်သည်။ အဆိုပါ တရုတ် စွယ်စုံကျမ်း၏ အမည်ကို မရွေးချယ်ရသေးသော်လည်း Wikipediaနှင့် ဆက်နွှယ်ပြီး မှည့်ခေါ်ဖွယ် မရှိချေ။
တရုတ်တွင် Wikipedia ဝက်ဘ်ဆိုက်ကို အသုံးပြုခွင့် ပေးထားသော်လည်း အချို့သော အချက်အလက် များကိုမူ ကြည့်ရှုခွင့် ပိတ်ပင်ထားသည်။ တရုတ်မူပိုင် အမျိုးသား အွန်လိုင်း စွယ်စုံကျမ်းသည် စာအုပ်တစ်အုပ် အနေဖြင့် ရပ်တည်နေမည် မဟုတ်ဘဲ တရုတ်ယဉ်ကျေးမှု၏ မဟာတံတိုင်းတစ်ခု ဖြစ်လာမည်ဟု အဆိုပါ ပရောဂျက်၏ အယ်ဒီတာချုပ် ယန်မူဇီက ညွှန်းဆိုခဲ့သည်။
တရုတ် Wikipediaသည် တရုတ်နိုင်ငံ၊ တရုတ်ယဉ်ကျေးမှု၊ တရုတ်ဓလေ့များနှင့် ပတ်သက်သည့် အကြောင်း အရာများကိုသာ အဓိက ဖော်ပြမည် ဖြစ်သော်လည်း မူလ Wikipediaကို အဓိကပြိုင်ဘက်အဖြစ် သဘောထား ကြောင်းလည်း ယန်က ဆိုသည်။
တရုတ်ကိုယ်ပိုင် Wikipeida ဝက်ဘ်ဆိုက်တစ်ခု ထားရှိရန် စိတ်ကူးကို ၂၀၁၁ ကတည်းက အစိုးရပိုင်းက သဘောတူ ထောက်ခံခဲ့သော်လည်း လက်တွေ့လုပ်ငန်းစဉ်ကို ယခုနှစ်မှ အစပြု အကောင်အထည်ဖော်လာ ခြင်းဟု သိရှိရသည်။ Ref: BBC