ရုရှား မှာ မြေအောက် ရထား ပေါ် ပေါက်ကွဲမှုဖြစ်ပြီး လူ ၁၁ ဦး သေဆုံး

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ မြေအောက်ဘူတာရုံမှာ ဧပြီ ၃ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦး သေဆုံးပြီး အခြား လူ ၅၀ ခန့် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ အကြမ်းဖက်သမား တန်ပြန်နှိမ်နင်းရေး ဌာနမှ အကြီးအကဲရဲ့ ပြောကြားချက်အရ ပေါက်ကွဲမှုဟာ Sennaya Ploshchad နဲ့ Tekhnologichesky Institut ဘူတာရုံနှစ်ခုကြား ရထားတစ်စင်းပေါ်မှာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပြီးနောက် ဖောက်ခွဲရေးပစ္စည်းတစ်ခုကို ထပ်မံတွေ့ရှိခဲ့ရပြီး အနီးအနားရှီ အခြား ဘူတာရုံတစ်ခုမှာ စနက်တံဖြုတ် ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ်က ပေါက်ကွဲမှုဟာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း ၎င်းရဲ့ Facebook မှာပြောပါတယ်။ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီးဖြစ်ေ ကြာင်း ရုရှားအာဏာပိုင်တွေ က ဆိုပါတယ်။ ရုရှားသတင်းဌာန Interfax က ဖော်ပြမှုအရ ပေါက်ကွဲမှုဟာ လက်ဆွဲအိတ်အတွင်း ထည့်သွင်းသယ်ဆောင်လာတဲ့ ဖောက်ခွဲရေးပစ္စည်း ပေါက်ကွဲခဲ့ခြင်းဖြစ်ဖွယ် ရှိ ကြောင်း သိရပါတယ်။

ပေါက်ကွဲမှုကို စီစဉ်ခဲ့သူတွေရဲ့ ပုံရိပ်များကို လုံခြုံရေးကင်မရာ မှတ်တမ်းများမှာ တွေ့ရှိရကြောင်းလည်း Interfax က ဆိုပါတယ်။ စိန့်ပီတာစဘတ်မြို့မှာ ပေါက်ကွဲမှုဖြစ်ပွားစဉ် ရုရှားသမ္မတ ဗလာဒီမာပူတင် အဆိုပါမြို့မှာ ရောက်ရှိနေခဲ့ကြောင်းလည်း သိရပါတယ်။ ပေါက်ကွဲမှုဟာ ဒေသစံတော်ချိန် မွန်းလွဲ ၂း၃၀ ဝန်းကျင်မှာ ဖြစ်ပွားခဲ့ကြောင်း ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။

စိန့်ပီတာစဘတ် ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး “ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အကြောင်းရင်းကို အခုချိန်ထိ အတိ အကျ သတ်မှတ်ထုတ်ပြန်မှု မရှိသေးပါဘူး၊ စုံစမ်းစစ်ဆေးမှုတွေက ဒါကို ပြောနိုင်ပါလိမ့်မယ်၊ ဖြစ်နိုင်ခြေ ရှိတဲ့ အကြောင်းရင်းအားလုံးကို ထည့်သွင်းစဉ်းစားသွားမှာပါ၊ ဒါပေမဲ့ ပထမဆုံး အကြမ်းဖက်တိုက်ခိုက်မှု လက္ခဏာပါပဲ” လို့ ရုရှားသမ္မတပူတင်က ပြောထားပါတယ်။

ထပ်မံသိရှိရတဲ့ သတင်းများအရ ရုရှားတာဝန်ရှိသူတွေက ရထားပေါ်မှာ ဖောက်ခွဲမှုပြုလုပ်ခဲ့သူဖြစ်ကြောင်း ယုံကြည်ရသူတစ်ဦးရဲ့ ဓာတ်ပုံကို ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။ Interfax သတင်းဌာနရဲ့ ဖော်ပြမှု အရ ရထားပေါ်မှာ ဖောက်ခွဲခဲ့သူဟာ အသက် ၂၃ နှစ်အရွယ် ဗဟိုအာရှဒေသမှ အမျိုးသားတစ်ဦးဖြစ်ပြီး အစ္စလာမ်မစ်အစွန်းရောက်တွေနဲ့ ဆက်နွယ်မှုရှိတယ်လို့ဆိုပါတယ်။  Source & Photo: AP, AFP