အိုင်အက်စ်များ စီးပွားပျက်နေပြီဟု အီရတ် ဘဏ္ဍာရေးဝန်ကြီးဟောင်း သုံးသပ်

ဘက်ပေါင်းစုံ ဖိအားများကြောင့် အိုင်အက်စ် စစ်သွေးကြွများ စီးပွားရေး ချွတ်ခြုံကျနေပြီဟု အီရတ် အစိုးရ အရာရှိဟောင်းတစ်ဦးက ပြောကြားခဲ့သည်။

အီရတ်ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဟို့ရှ်ရာဇီဘာရီသည် အိုင်အက်စ်တို့၏ ဘဏ္ဍာရေးလည်ပတ်မှု အခြေ အနေကို အလေးအနက် စောင့်ကြည့် လေ့လာနေသူတစ်ဦးဖြစ်သည်။ အိုင်အက်စ်များသည် လွန်ခဲ့သည့် ၂ နှစ်ကျော်က ၎င်းတို့ သိမ်းယူထားသည့် နယ်မြေများမှ ရေနံတွင်းများ၊ အခွန်အခများ၊ ရှေးဟောင်းပစ္စည်း မှောင်ခိုဈေးကွက်များကို အမှီပြု၍ ကမ္ဘာပေါ်တွင် အချမ်းသာဆုံး အကြမ်းဖက်အုပ်စုအဖြစ် ရပ်တည်နိုင် ခဲ့သည်။

သို့သော် ယခုအခါ စစ်စရိတ်ထောင်းခြင်း၊ နယ်မြေ အများအပြား ဆုံးရှုံးလာခြင်းတို့ကြောင့် ဒေဝါလီ ခံရမည့် အခြေအနေမျိုးပင် ဆိုက်နေပြီး ၎င်းတို့၏ တပ်ဖွဲ့ဝင်များကိုပင် လစာပေးချေနိုင်စွမ်း မရှိတော့ဟု ဇီဘာရီက ပြောကြားခဲ့သည်။

“အီရတ်မြောက်ပိုင်းက ရေနံမြေတွေကို ထိန်းချုပ်ထားတုန်းက ဒေ့ရှ်တွေ အရမ်းစီးပွားရေး တောင့်သွားတယ် လေ” ဟု ၎င်းက ဆိုသည်။ ဒေ့ရှ်ဆိုသည်မှာ အိုင်အက်စ်တို့ကို ဒေသတွင်းတွင် ခေါ်ဝေါ်သည့် အမည် ဖြစ်သည်။ ယခုအခါတွင်မူ ထိုရေနံမြေများကို အစိုးရတပ်များက ပြန်လည်သိမ်းယူခဲ့သည့်နောက် အိုင်အက်စ်တို့က မြေလှန်ဖျက်ဆီးပြီး မီးတင်ရှို့ခဲ့ကြသည်။

အိုင်အက်စ်တို့၏ အဓိကဝင်ငွေရင်းမြစ်တစ်ရပ်မှာ ရေနံမှောင်ခို လုပ်ငန်းဖြစ်ပြီး ယခုအခါ ဘဏ္ဍာရေးအရ အကြီးအကျယ် အထိနာနေပြီဟု ဇီဘာရီက ကောက်ချက်ချခဲ့သည်။ ထို့ကြောင့် ၎င်းတို့ သိမ်းယူထားရာ နယ်မြေများရှိ ဒေသခံများထံမှ အခွန်အတုပ်ကောက်ယူမှုကိုသာ အဓိက အားကိုးနေရဖွယ်ရှိသည်။ ယခင်က အိုင်အက်စ်၏ တစ်နေ့ပျမ်းမျှဝင်ငွေသည် ဒေါ်လာ ၃ သန်းမှ ၅ သန်းကြားထိ ရှိခဲ့ကြောင်း သိရသည်။

အိုင်အက်စ်တို့သည် အီရတ်ဘက်ရှိ ၎င်းတို့၏ အဓိက ခြေကုပ်စခန်းဟု ဆိုနိုင်သော မိုဆူးလ်မြို့၏ လေးပုံ သုံးပုံနီးပါးကို လက်လွှတ်ထားရပြီ ဖြစ်သလို ဆီးရီးယားရှိ ပင်မဌာနချုပ်ဖြစ်သော ရက္ကာမြို့ အနီးတွင်လည်း အတိုက်အခံ အင်အားစုများ၏ ထိုးစစ်ဆင်မှုများနှင့် ကြုံတွေ့နေရသည်။

Ref: Sky News