ရန်ကုန်တိုင်းတွင် လေးရက်အတွင်း မဲဆန္ဒရှင် သက်သေခံလက်မှတ် ထုတ်ယူသူ သုံးသောင်းကျော်ရှိ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြားဖြတ်ရွေးကောက်ပွဲအတွက် မတ်လ ၁၇ ရက်မှ ၂၀ ရက်အထိ မဲဆန္ဒရှင် သက်သေခံ လက်မှတ်လာရောက်ထုတ်ယူသူ သုံးသောင်းကျော်ရှိကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သတင်းရရှိသည်။
မဲစာရင်းတွင်ပါဝင်ပြီး ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိကြောင်း ခိုင်လုံစေရန်နှင့် ရွေးကောက်ပွဲနေ့တွင် မဲ ဆန္ဒရှင်က ဆန္ဒမဲလက်မှတ်လာရောက်ထုတ်ယူရာတွင် မဲလက်မှတ်ထုတ်ပေးသူအနေဖြင့် ယင်း သက်သေခံ လက်မှတ်ဖြင့် မဲစာရင်း၌ လွယ်ကူစွာရှာဖွေနိုင်ပြီး အချိန်ကုန်သက်သာစေရန် ရည်ရွယ်၍ မဲဆန္ဒရှင် သက်သေခံလက်မှတ် များထုတ်ပေးနေသည်။
‘‘မဲဆန္ဒရှင်သက်သေခံလက်မှတ်ကို ကြည့်ပြီးတော့မှ နာမည်တွေ၊ ဘာတွေ မှားတာတွေရှိရင်လည်း ပြန်ပြင် လို့ရအောင် ရည်ရွယ်ချက်လည်းပါတာပေါ့။ ရန်ကုန်တိုင်းမှာ ၂၀ ရက်အထိကတော့ သုံးသောင်းကျော် ထုတ်ပြီး သွားပြီ’’ဟု ရန်ကုန်တိုင်းရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးတင်ဝင်းက ပြော ကြားသည်။
မဲဆန္ဒရှင် သက်သေခံလက်မှတ်ကို မတ်လ ၁၇ ရက်မှ ၃၀ ရက်အထိ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ထုတ်ပေးမည်ဖြစ်သည်။
အဆိုပါ မဲဆန္ဒရှင်သက်သေခံလက်မှတ် မပါလျှင်လည်း ရွေးကောက်ပွဲနေ့တွင် မဲပေး၍ရကြောင်း ဦးတင် ၀င်းက ဆက်လက်ပြောကြားသည်။ ရန်ကုန်တိုင်းရှိ မြို့နယ် ၁၁ ခုတွင် မဲရုံ ၉၄ ရုံနှင့် မဲဆန္ဒရှင် ၁၀ သိန်း ကျော်ရှိကြောင်း တိုင်းကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
လက်ရှိတွင် ဆန္ဒမဲလက်မှတ်များကို ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များရှိ ရဲစခန်းများ၌ ချိပ်ပိတ် သိမ်းဆည်းထားပြီး မတ် လ ၂၈ ရက်တွင် သက်ဆိုင်ရာ မဲရုံများသို့ ဖြန့်ဝေမည်ဖြစ်ကြောင်း ဦးတင်ဝင်းက ပြောသည်။
# 7 Day Daily