ဆန္ဒပြမှုများကို ဂရုမစိုက်ပဲ အသင်းမှာ ဆက်နေဖို့ အာစင်ဝင်းဂါး စီစဉ်
တနင်္ဂနွေနေ့က ထွက်လာခဲ့တဲ သတင်းတွေအရ အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းနဲ့ စာချုပ် သက်တမ်း တိုးဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပြီး အသင်းအကြီးပိုင်းအရာရှိတွေရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတာလို့ ဆိုပါတယ်။
ဒါပေမယ့် အာဆင်နယ်အသင်းဟာ ရာသီအစကတည်းက နည်းပြအာစင်ဝင်းဂါးကို နှစ်နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဖို့ ကမ်းလှမ်းထားတာဖြစ်ပါတယ်။ အာစင်ဝင်းဂါးဘက်က အခြေအနေစောင့်ကြည့်နေခဲ့တာ ဖြစ်ပြီး အခုချိန်မှာ အသင်းမှာ ဆက်နေဖို့ဆုံးဖြတ်လိုက်တာလို့ သတင်းတွေက ဆိုပါတယ်။
အာဆင်နယ်အသင်းဘက်ကတော့ ဘယ်လိုဆုံးဖြတ်ချက်မျိုးပဲ ဖြစ်ဖြစ် အလျှင်စလိုမဆုံးဖြတ်ပဲ ရင့်ကျက်တဲ့ ဆုံးဖြတ်ချက်မျိုးဖြစ်မယ်လို့ ပြောထားပါတယ်။ အာဆင်နယ်အသင်းမှာ နည်းပြအာစင်ဝင်းဂါး စာချုပ် သက်တမ်း ထပ်တိုးဖြစ်၊ မတိုးဖြစ်ဆိုတာ ဆန်းချက်ဇ်နဲ့ အိုဇေးလ်တို့နှစ်ဦးရဲ့ အနာဂတ်နဲ့လည်း အလွန် သက်ဆိုင်နေတယ်လို့ သိရပါတယ်။ ဆန်းချက်ဇ်နဲ့ အိုဇေးလ်တို့နှစ်ဦး စာချုပ်ကိစ္စကလည်း လက်ရှိ အချိန်ထိ အဆင်မပြေသေးပါဘူး
ပြီးခဲ့တဲ့တစ်ပတ်အတွင်း ဝက်စ်ဘရွန်းကို ရှုံးခဲ့တဲ့ပွဲစဉ်မှာ အိုဇေးလ်ဟာ ဒဏ်ရာရနေလို့ အသင်းမှာ မပါ ဝင်နိုင်ဘူးလို့ အာစင်ဝင်းဂါးက ပြောထားပါတယ်။ အာစင်ဝင်းဂါးအသင်းနဲ့ စာချုပ်သက်တမ်းထပ်တိုးဖို့ ဆိုရင် အိုဇေးလ်နဲ့ ဆန်းချက်ဇ်တို့ နှစ်ဦးကို အကောင်းဆုံးကိုင်တွယ်ပေးဖို့ အသင်းဘက်က တောင်းဆိုထားဖွယ်ရှိပါတယ်။ လတ်တလောမှာတော့ အာစင်ဝင်းဂါးက အသင်းမှာဆက်နေလိုပြီး အသင်းဘက်က ဆုံးဖြတ်ချက်ကို စောင့်ဆိုင်း နေတယ်လို့ သိရပါတယ်။
Ref : Daily Mail