Yahoo ဖေါက်ထွင်းမှု စွဲချက်တင်ခံရသူ လေးဦးထဲ ရုရှား အရာရှိ နှစ်ဦး ပါဝင်

၂၀၁၄ ခုနှစ်တုန်းက Yahoo Website ကို ဖေါက်ထွင်းပြီး သန်းပေါင်းရာနဲ့ချီတဲ့ လူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ခိုးယူမှုနဲ့ သံသယရှိသူ ရုရှားသလျှို နှစ်ဦးနဲ့ သံသယရှိသူ နောက်ထပ် နှစ်ဦးကို အမေရိကန် တရားရေးဌာနက စွဲချက်တင်လိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။

အမေရိကန် တရားရေးဌာန လက်ထောက် ရှေ့နေချုပ် Mary McCord

ရုရှားထောက်လှန်းရေး FSB က အရာရှိ နှစ်ဦးအပါအဝင် လူပေါင်း လေးဦးကို စွဲချက်တင်ခဲ့တယ်လို့ လက်ထောက် ရှေ့နေချုပ် Mary McCord က ပြောပါတယ်။ နောက် နှစ်ဦးကတော့ ရုရှားအရာရှိ နှစ်ဦး Yahoo ကို ဖေါက်ထွင်းနိုင်ဖို့ အကူညီပေးခဲ့သူ ကွန်ပြူတာဟက်ကာ နှစ်ဦးဖြစ်ပါတယ်။

ရုရှား ထောက်လှမ်းရေး အရာရှိ နှစ်ဦးဟာ Dmitry Dokuchaev နဲ့ Igor Sushchin တို့ဖြစ်ပြီး သူတို့ဟာ အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေက ကွန်ပြူတာတွေထဲ ဖေါက်ထွင်းဝင်ရောက်ခဲ့တယ်လို့လည်း သူမက ပြောပါတယ်။ သူတို့ နှစ်ဦးဟာ ဟက်ကာတွေကို အကာကွယ်ပေး၊ ညွှန်ကြားသလို၊ အကူညီပေး၊ ငွေပေးခိုင်းစေပြီး အချက်အလက်တွေကို စုဆောင်းခဲ့တယ်လို့ ဆိုပါတယ်။

ဖေါက်ထွင်းတဲ့ ဟက်ကာတွေဟာ ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုက အစိုးရအရာရှိကြီးတွေအပြင် သတင်းသမားတွေ၊ ဘဏ္ဍာငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေက ဝန်ထမ်းတွေနဲ့ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ် တွေရဲ့ ကွန်ပြူတာအကောင့်တွေကို အဓိကပစ်မှတ်ထား လုပ်ဆောင်တာဖြစ်ကြောင်းလည်း ပြောပါတယ်။

အခုလိုဖေါက်ထွင်းရာမှာ ကြံရာပါတစ်ဦးဖြစ်တဲ့ Alexsey Belan ဟာ အလားတူ ဖေါက်ထွင်းခိုးယူမှုတွေ ကျူးလွန်ခဲ့မှုကြောင့် အမေရိကန်ပြည်ထောင်စုက ၂ ကြိမ်တိုင်တိုင် တရားစွဲဆိုခဲ့သလို သူ့ကို FBI ထောက်လှမ်းရေးဌာနရဲ့ အလိုအရှိဆုံး ဆိုင်ဘာရာဇဝတ်ကောင်စာရင်းမှာ ထည့်သွင်းထားတာ ၃ နှစ် ကျော် နေပြီ ဖြစ်ပါတယ်။

နောက်ဟက်ကာတစ်ဦးဖြစ်တဲ့ Karim Baratov ကိုတော့ အင်္ဂါနေ့မှာပဲ ကနေဒါနိုင်ငံမှာ ဖမ်းဆီး ရမိခဲ့တယ် လို့လည်း မစ္စ McCord က ပြောပါတယ်။ # VOA Burmese