နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပြဋ္ဌာန်း

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို (၂၀၁၇) ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၅)အဖြစ် မတ်(၈)ရက် ရက်စွဲနဲ့ နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးပြီး ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။

ယင်းဥပဒေမှာ ပုဒ်မ(၁၃)ခုကို အခန်း(၅)ခန်းခွဲပြီး ပြဋ္ဌာန်းလိုက်တာဖြစ်ကာ အခန်း(၁)မှာ အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်၊ အခန်း(၂)မှာ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာအကွယ် ပေးခြင်း၊ အခန်း(၃)မှာ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တာဝန်ရှိသူများ၏ တာဝန်များ၊ အခန်း(၄)မှာ တားမြစ်ချက် များနှင့် အခန်း(၅)မှာ ပြစ်ဒဏ်များဆိုပြီး အခန်းလိုက်ခေါင်းစဉ်တွေ သတ်မှတ်ထားတာတွေ့ရပါတယ်။

အဲဒီဥပဒေမှာထူးခြားမှုအနေနဲ့ နိုင်ငံသားတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ် မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု အပြည့်အ ဝရရှိခံစားခွင့်ရှိကြောင်းနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ တာဝန်ရှိသူတွေက အဲဒီ လွတ်လပ်မှုနဲ့ လုံခြုံမှုတို့ နစ်နာဆုံးရှုံးမှုမရှိစေဖို့ ကာကွယ်ပေးရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်၊ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ တာဝန်ရှိသူတွေက ယခုဥပဒေအရ အရေးယူဆောင်ရွက်ပေးဖို့ တိုင်ကြားချက်ကို လက်ခံရရှိပါက ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ဖို့၊ မိမိဌာနက အရေးယူဆောင်ရွက်ရမယ့် ကိစ္စမဟုတ်ပါက အကျိုးအကြောင်းဖော်ပြပြီး တိုင်ကြားသူဆီကို ရက်ပေါင်း(၃၀)အတွင်း ပြန်ကြားရမယ့်အပြင် အဲဒီပြန်ကြားစာမှာ ဘယ်ဌာန၊ အဖွဲ့အစည်းဆီကို တိုင်ကြားသင့်ကြောင်း အကြံပြုချက်ပါရှိရမယ်ဆိုတဲ့ပြဋ္ဌာန်းချက်နဲ့ ဘယ်ရဲတပ်ဖွဲ့စခန်းမှူးမဆို အဲဒီဥပဒေအရ အရေးယူ ဆောင်ရွက်ပေးဖို့ တိုင်ကြားချက်ကို လက်ခံရရှိလျှင် ဖြစ်စေ၊ သတင်းပေးချက်ကိုလက်ခံရရှိလျှင် ဖြစ်စေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၁၅၄)နဲ့ အညီအရေးယူ ဆောင်ရွက်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်အပါအဝင် နိုင်ငံ သားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးဖို့ ပြဋ္ဌာန်းချက်တွေ ထူးထူး ခြားခြား ပါဝင်တာကိုတွေ့ရပါတယ်။ ဒါ့အပြင် ဥပဒေပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်သူတွေကို အနည်းဆုံး (၆) လကနေ အများဆုံး(၃)နှစ်အထိ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် အနည်းဆုံး ငွေကျပ်(၃)သိန်းကနေ အများဆုံး (၁၅)သိန်းအထိ ငွေဒဏ်ချမှတ် နိုင်ကြောင်းနဲ့ ဘယ်ရဲတပ်ဖွဲ့စခန်းမှူးမဆို ဥပဒေပါအတိုင်း တာဝန် ဆောင်ရွက်ဖို့ အကြောင်းမဲ့ပျက်ကွက်ရင် အနည်းဆုံး(၁)နှစ်ကနေ အများဆုံး(၅)နှစ်အထိ ထောင်ဒဏ်ချမှတ်ရမယ့် အပြင် အနည်းဆုံး ကျပ်(၅)သိန်းကနေ အများဆုံး(၂၅)သိန်းအထိ ငွေဒဏ်ချမှတ်နိုင်ကြောင်း၊ မည်သူမဆို အဲဒီ ဥပဒေပါပြစ်မှုတစ်ခုခုကို ကျူးလွန်ဖို့ အားထုတ်ခြင်း၊ တာဝန်ပေးခြင်း၊ ခိုင်းစေခြင်း၊ ပြစ်မှုကျူးလွန်ရာမှာ ပူးပေါင်း ကြံစည်ခြင်း၊ အားပေးကူညီခြင်းတို့ပြုလုပ်ပါက ပြစ်မှုအတွက် အဲဒီဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ပြစ်ဒဏ် ချမှတ်ခြင်းခံရမယ်လို့ ဖော်ပြထားတယ်လို့ သိရပါတယ်၊

Central News Bureau