မူဆယ်မြို့ လုံခြုံရေး အခြေအနေကြောင့် တရုတ်-မြန်မာ ကုန်စည်ပြပွဲ ရက်ထပ်မံရွှေ့ဆိုင်း
တရုတ်-မြန်မာ (၁၆) ကြိမ်မြောက် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးအစည်းအဝေးနှင့် ကုန်စည်ပြပွဲကို မူဆယ်မြို့တွင် မတ်လအတွင်း ကျင်းပရန်စီစဉ် ထားသော်လည်း နယ်မြေဒေသ အခြေအနေ၊ လုံခြုံရေးအခြေအနေကြောင့် ထပ်မံ ရက်ရွှေ့လိုက်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။
နယ်စပ်ကုန်သွယ်ရေး အစည်းအဝေးနှင့် ကုန်စည်ပြပွဲကို တရုတ်နှင့် မြန်မာနှစ်နိုင်ငံအစိုးရ အရာရှိများ တက်ရောက်မည်ဖြစ်၍ နယ်မြေဒေသလုံခြုံစိတ်ချရမည့်ရက်တွင် ပြောင်းလဲကျင်းပမည်ဟု ၎င်းကဆိုသည်။
တရုတ်-မြန်မာနှစ်နိုင်ငံနယ် စပ်ကုန်သွယ်ရေးအစည်းအဝေးနှင့် ကုန်စည်ပြပွဲကို မြန်မာနိုင်ငံ မူဆယ်မြို့နှင့် တရုတ် နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့တို့တွင် နှစ်စဉ် ဒီဇင်ဘာ၌ အလှည့်ကျကျင်းပပြီး မြန်မာနိုင်ငံဘက်၌ ၂၀၁၆ ဒီဇင် ဘာတွင် ကျင်းပရန်မူလက စီစဉ်ထားသည်။
သို့သော် ၂၀၁၆ နိုဝင်ဘာ ၁၉ ရက်တွင် မူဆယ် ၁၀၅ မိုင်ကုန် သွယ်ရေးဇုန်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒီဇင်ဘာလလယ်ပိုင်း၌ ကျင်းပရန်စီစဉ် ထားသည်။ (၁၆)ကြိမ်မြောက် နယ်စပ် ကုန်သွယ်ရေးအစည်းအဝေးနှင့် ကုန်စည်ပြပွဲကို ယာယီရွေ့ဆိုင်းခဲ့ပြီး ၂၀၁၇ မတ်လလယ်တွင် ပြုလုပ်ရန် စီစဉ်ခဲ့သည်။
လက်ရှိ လောက်ကိုင်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများ မူဆယ်မြို့တွင် ယခုရက်ပိုင်းအတွင်းပျံ့နှံ့လာသည့် ကောလာဟလ သတင်းများကြောင့် လုံခြုံရေးစိုးရိမ်သဖြင့် ရပ်ထက်မံရွှေ့ဆိုင်း ရခြင်းဖြစ်သည်ဟု စီးပွားကူးသန်း ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးက ပြောသည်။
ထို့အပြင် ဒသမတန်းစာမေးပွဲများအပြီးတွင် မူဆယ်မြို့သို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ၀င်တိုက်မည် ဟု ကောလာဟလသတင်းများ ယခုရက်ပိုင်း၌ ပျံ့နှံ့နေခြင်းကြောင့် ဒေသခံပြည်သူ များက စိုးရိမ်ထိတ်လန့် နေကြောင်း မူဆယ်မြို့မှ ကုန်သည်အချို့ကပြောသည်။
မူဆယ်မြို့ရှိ ဒေသခံများသည် မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်၌ တိုက်ပွဲများဖြစ်ပွားခဲ့ဖူးခြင်းကြောင့် လက်ရှိ ပေါ်ထွက်နေသည့် သတင်းများကို ယုံကြည်နေကြသည်ဟု မူဆယ်မြို့မှ ကုန်သည် အချို့ကပြောသည်။
# 7 Day Daily