၂၀၁၇ ခုနှစ်အတွင်း ထိုင်းရွေးကောက်ပွဲ ကျင်းပနိုင်ခြေ မရှိဟုဆို

လိုအပ်သော ဥပဒေများ လုံလောက်စွာ ပြဋ္ဌာန်းရန် အချိန်လိုအပ်ပါသဖြင့် ထိုင်းရွေးကောက်ပွဲကို ၂၀၁၈ အထိ ရွှေ့ဆိုင်းထားရန် လိုအပ်ကြောင်း စစ်အစိုးရ၏ ဥပဒေပြုရေး ပါလီမန်အဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့ကြောင်း Reuters သတင်းတစ်ရပ်က ဆိုထားသည်။

 

သို့သော် အစိုးရပြောခွင့်ရ အရာရှိကမူ အရပ်သားအုပ်ချုပ်ရေးစနစ် ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက် လမ်းပြ မြေပုံတွင် ဖော်ပြထားသည့်အတိုင်း ယခုနှစ်အတွင်း ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန်အတွက် လမ်းကြောင်းပေါ်တွင် ရှိနေဆဲဖြစ်ကြောင်း ပြောကြားထားသည်။

အာဏာရ ထိုင်းစစ်အစိုးရသည် ရွေးကောက်တင်မြှောက်ခံ အစိုးရကို ၂၀၁၄ ခုနှစ်တွင် ဖြုတ်ချပြီး တက်လာ ခြင်းဖြစ်ကာ ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ဆယ်စုနှစ်တစ်ခုကျော် နိုင်ငံရေးပဋိပက္ခများဖြစ်နေသော စစ်တပ်က ထောက်ခံထားသည့် တော်ဝင် ဘက်တော်သား ရှပ်ဝါများနှင့် လူထုကြိုက် နိုင်ငံရေးအင်အားစု ရှပ်နီများအကြား မပြေလည် မငြိမ်သက်မှုများကို စစ်တပ်က တည်ငြိမ်အောင် ထိန်းသိမ်းထားခဲ့သည်။

ရွေးကောက်ပွဲသည် ၂၀၁၈ ခုနှစ် မတ်လ သို့မဟုတ် ဧပြီလလောက်အထိ ကြာမြင့်နိုင်ကြောင်း စစ်တပ်က ခန့်အပ် ထားသော ဥပဒေပြုအမတ် ဆွန်ဂျက်ဘွန်သာနွန်က ပြောကြားခဲ့ခြင်းဖြစ်သည်။ “ဒါဟာ ရွေးကောက်ပွဲကို ရွှေ့ လိုက်တာမဟုတ်ပါဘူး။ ရွေးကောက်ပွဲဥပဒေတွေကို မူကြမ်းရေးဆွဲခြင်းရဲ့ ရှုပ်ထွေးမှုတွေကြောင့် ရွေးကောက်ပွဲက ဒီနှစ်အတွင်း မဖြစ်နိုင်တာပါ” ဟု ၎င်းက ဆိုသည်။

စစ်အစိုးရကတော့ ရွေးကောက်ပွဲကို ၂၀၁၇ အတွင်း အပြီးလုပ်မည့် အစီအစဉ်အတိုင်းသာ ရှေ့ဆက်နေသည်ဟု ဆိုထားသည်။

“အစိုးရရဲ့ လိုလားချက်ကတော့ လမ်းပြမြေပုံအတိုင်းပဲ သွားမှာ ဖြစ်ပါတယ်။ ပါလီမန်ရဲ့ အမြင်ကတော့ သူတို့ အမြင်သာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ အရာရှိ ဗိုလ်ချုပ်ကြီး ဆန်ဆန်းကေကန်နက်က ပြောကြား သည်။

ထိုင်းစစ်တပ်သည် ၁၉၃၂ နောက်ပိုင်းတွင် အောင်မြင်သော စစ်အာဏာသိမ်းမှုပေါင်း ၁၂ ကြိမ် ပြုလုပ်ခဲ့သည်။  ယခု လမ်းပြမြေပုံတွင် နောက်ထပ် တစ်ဆင့်မှာ ပြီးခဲ့သည့်နှစ် လူထုဆန္ဒ ခံယူပွဲက အတည်ပြုပေးလိုက်သော အခြေခံဥပဒေသစ်ကို ထိုင်းဘုရင်သစ် ဝဇီရလောင်ကွန်းက အတည်ပြုပေးပြီး ရှေ့ဆက်ရန် ဖြစ်သည်။

# The Voice