ကိုလံဘီယာမဲဆန္ဒရှင်များက FARC ငြိမ်းချမ်းရေးသဘောတူညီချက်ကို ငြင်းပယ်

14543558_1251343241556490_1641953054_n

FARC သူပုန်တို့နှင့် ငြိမ်းချမ်းရေးစာချုပ်ကို အတည်ပြုရန် ကိုလံဘီယာနိုင်ငံတွင် သမိုင်းဝင်ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများက ကန့်ကွက်မဲ ၅၀.၂၄ ရာခိုင်နှုန်းဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ငြင်းဆန်ခဲ့ကြသည်။

အဆိုပါ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပြီးခဲ့သည့် သီတင်းပတ်တွင် သမ္မတ ဂျူအန်မန်နျူရယ် ဆန်းတို့စ်နှင့် FARC သူပုန်အဖွဲ့ခေါင်းဆောင် တင်မိုလွန် ဂျီမန်နက်စ်တို့ လေးနှစ်ကြာ စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲပြီးနောက် လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

သို့သော် ယင်းသဘောတူညီချက် အသက်ဝင်လာစေရန် ကိုလံဘီယာနိုင်ငံသားများထံမှ အတည်ပြုရန် ရယူရန် လိုအပ်သည်။ နိုင်ငံသို့ ပြောကြားသောမိန့်ခွန်းတွင် သမ္မတဆန်းတို့စ်က ရလာဒ်ကို လက်ခံမည်ဖြစ်သော်လည်း ငြိမ်းချမ်းရေးရရှိရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

လက်ရှိအပစ်အခတ်ရပ်စဲရေးသည် ဆက်လက်အသက်ဝင်နေဆဲဖြစ်ပြီး FARC ခေါင်းဆောင်များနှင့် ဆွေးနွေး ညှိနှိုင်းရန် ကျူးဘားသို့ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကို စေလွှတ်ခဲ့ကြောင်း ပြောသည်။

သူက “ကျွန်တော် အရှုံးပေးမှာမဟုတ်ပါဘူး၊ ကျွန်တော်တို့ကလေးတွေအတွက် အကောင်းဆုံးနိုင်ငံကို ထားရစ် ခဲ့မှာဖြစ်တဲ့အတွက် ကျွန်တော်ရာထူးမှာ ဆက်ရှိနေချိန်အထိ ငြိမ်းချမ်းရေးကို ဆက်လက် ရှာဖွေသွားမှာပါ” ဟု ဆိုသည်။

Ref:BBC


Leave a Reply