ရန်ကုန်နှင့် မြို့ကြီးအချို့ အင်အားပြင်း မြေငလျင်အန္တရာယ်ရှိ

 13081804_1136480829709399_320826700_n

စစ်ကိုင်းပြတ်ရွေ့၏ အနောက်ဘက် ၃၅ ကီလိုမီတာ အကွာတွင် တည်ရှိနေသည့် ရန်ကုန်မြို့တော် အပါအဝင် မြို့ကြီးအချို့မှာ အင်အားပြင်း မြေငလျင်လှုပ်ခတ်မည့် အန္တရာယ်ရှိနေပြီး ငလျင်လှုပ်ခတ်ခဲ့ပါက အပျက်အစီး အဆုံးအရှုံး များနိုင်ကြောင်း မြေငလျင်ကျွမ်းကျင်ပညာရှင်များက ပြောကြားသည်။

အဆိုပါ စစ်ကိုင်းပြတ်ရွေ့ တစ်လျှောက်ရှိ မြို့ကြီးများ ဖြစ်သည့် မြစ်ကြီးနား၊ တကောင်း၊ သပိတ်ကျင်း၊ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ငူ၊ ဖြူးနှင့် ပဲခူးမြို့တို့ သည် ချောက်မြေငလျင်ကဲ့သို့ အင်အားပြင်း မြေငလျင်ကြီး များလှုပ်ခတ်ခဲ့ပါက ဘေးအန္တရာယ်ကြီးမားစွာ ကျရောက်နိုင်ပြီး အလားတူ လူဦးရေ ထူထပ်များပြား သည့် ရန်ကုန် မြို့သည်လည်း ဘေးအန္တရာယ်ကြီးစွာ ကျရောက်နိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီက သတိပေးချက် ထုတ်ပြန်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အား ၆ ဒသမ ၈ အဆင့်ရှိ ချောက်ငလျင်ကြောင့် ပုဂံ-ညောင်ဦး ဒေသရှိ စေတီပုထိုးများ ပျက်စီးခဲ့ရပြီး အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ရာတွင် အဆိုပါ ငလျင်သည် မြေအောက်အနက် ၈၄ ကီလိုမီတာရှိ ထိုးစိုက်ဇုန် (Subduction Zone) တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်ပြီး အထက်အောက် လှုပ်ရှားမှုကို ပိုမိုခံစားရကြောင်း၊ ပုဂံဘုရားများ၏ တည်ဆောက်ပုံစနစ်သည် ယင်းအထက်အောက် လှုပ်ခတ်မှုနှင့် လိုက်လျောညီထွေ ရှိသည့်အတွက် ထိခိုက်ပျက်စီး ဆုံးရှုံးမှုနည်းရခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က သုံးသပ်ပြောဆိုသည်။

“လေ့လာချက်တွေအရ စစ်ကိုင်းပြတ်ရွေ့က Active (လှုပ်ရှားမှု) ဖြစ်လာနေတဲ့အတွက် ဒီပြတ်ရွေ့တစ်လျှောက်မှာ ရှိတဲ့မြို့တွေက အန္တရာယ် ပိုများနေတယ်” ဟု ၎င်းက ဆိုသည်။

ယင်းကြောင့် မြန်မာနိုင်ငံ၏ အဓိက ပြတ်ရွေ့ကြောဖြစ်သည့် စစ်ကိုင်းပြတ်ရွေမှာ ဘေးတိုက်ပြတ်ရွေ့ ဖြစ်သည့် အတွက် ငလျင်လှုပ်ခတ်ခဲ့ပါက အထက်အောက် လှုပ်ရှားမှုမျိုးထက် ဘေးတိုက်လှုပ်ရှားမှုကို ပို၍ခံစားရနိုင်ပြီး ထိခိုက်ပျက်စီး ဆုံးရှုံးမှုများနိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီက သတိပေးပြောဆိုထားကြောင်း သိရ သည်။

# The Voice


Leave a Reply