အလျားခုန် ကမ္ဘာ့စံချိန်သစ်ကို မားကပ်စ်ရမ်း တင်ခဲ့

မသန်စွမ်းအိုလံပစ်ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ဂျာမနီနိုင်ငံသား မားကပ်စ်ရမ်းဟာ အလျားခုန်ပြိုင်ပွဲ ကမ္ဘာ့စံချိန်ရှင် ဖြစ်လာပါတယ်။ အသက် ၃၃ နှစ်အရွယ် မားကပ်စ်ရမ်းဟာ ဩစတြီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ Golden Roof ပြိုင်ပွဲရဲ့ အလျားခုန်ပြိုင်ပွဲမှာ ၈ ဒဿမ ၆၆ မီတာအထိခုန်ပြီး ကမ္ဘာ့စံချိန်သစ်ကို တင်နိုင်ခဲ့ တာဖြစ်ပါတယ်။ အခုပြိုင်ပွဲက နှစ်စဉ်ကျင်းပနေတဲ့ပြိုင်ပွဲဖြစ်ပြီး အခုနှစ်က ၁၈ ကြိမ်မြောက်ပြိုင်ပွဲဖြစ်ပါတယ်။ မားကပ်စ်ရမ်းဟာ မသန်စွမ်းအားကစားသမားတွေထဲက အကောင်းဆုံး ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံထားရတာပါ။ သူဟာ ၁၄ နှစ်အရွယ်ကတည်းက မတော်တဆမှုတစ်ခုကြောင့် ညာဘက် ခြေထောက်ကို ဆုံးရှုံးခဲ့ရတာဖြစ်ပြီး မသန်စွမ်းအိုလံပစ် အလျားခုန်ပြိုင်ပွဲ ရွှေတံဆိပ်ဆုကို ၃ ကြိမ်ဆက် ရရှိထားတာဖြစ်ပါတယ်။ အခုပြိုင်ပွဲမှာ သူ့ရဲ့ ကမ္ဘာ့စံချိန်ဟောင်းဖြစ်တဲ့ (၈ ဒဿမ ၆၁)မီတာကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရာသီသစ် ပရီးမီးယားလိဂ်ပွဲစဉ်ဇယားများ ပေါက်ကြားမှု ဖြစ်ပွားခဲ့

ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်သည် လာမည့် ၂၀၂၂-၂၀၂၃ ရာသီ ပွဲစဉ်ဇယားကို ထုတ်ပြန်ကြေညာခြင်း မပြုမီ သုံးရက်အလို၌ မန်စီးတီးသည် ဘုန်းမောက်နှင့် အဖွင့်ပွဲစဉ်အဖြစ် ကစားရမည်ဖြစ်ကြောင်း သတင်း ပေါက်ကြားမှုဖြစ်လာခဲ့သည်။ ပရီးမီးယားလိဂ် အဖွဲ့ချုပ်သည် ရာသီသစ် အတွက် ပွဲစဉ်ဇယားကို လာမည့် ကြာသပတေးနေ့ (၁၆-၆-၂၀၂၂) ရက်မှ တရားဝင်ကြေညာသွားမည်ဖြစ်သော်လည်း မန်စီးတီး၏ တွစ်တာ အကောင့်တွင် ဘုန်းမောက်အသင်းနှင့် စတင်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့အဆင့် ၁ နေရာကို မက်ဗီဒက်ဗ် ရောက်လာ

အမျိုးသားတင်းနစ်အစည်းအရုံး(အေတီပီ)ကထုတ်ပြန်တဲ့ ကမ္ဘာ့အဆင့်ရပ်တည်မှုမှာ ဆားဘီယား နိုင်ငံသား ဂျိုကိုဗစ်ရဲ့အဆင့် ၁ နေရာကို ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ်က ရယူသွားနိုင်ခဲ့တာတွေ့ရပါတယ်။ မက်ဗီဒက်ဗ် အနေနဲ့ ဝင်ဘယ်ဒန်ပြိုင်ပွဲမတိုင်ခင် နှစ်ပတ်အလိုမှာ ကမ္ဘာ့အဆင့် ၁ နေရာကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ရုရှား-ယူကရိန်းအရေးကြောင့် ရုရှားနဲ့ဘီလာရုစ် ကစားသမားတွေကို ပြိုင်ပွဲ ဝင်ခွင့်ပိတ်ထားခဲ့လို့ မက်ဗီဒက်ဗ်အနေနဲ့ လန်ဒန်မှာကျင်းပမယ့်ပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရမှာ မဟုတ်ပါဘူး။ မက်ဗီဒက်ဗ်အတွက် ကံကောင်းခဲ့တာက ဝင်ဘယ်ဒန်ပြိုင်ပွဲမှာရမယ့် အမှတ်တွေကို ထည့်တွက်မှာ မဟုတ်ဘူးဆိုတဲ့ အေတီပီရဲ့ ဆုံးဖြတ်ချက်ကြောင့် ပြိုင်ပွဲဝင်မပြိုင်ရပေမယ့် ကမ္ဘာ့အဆင့် ၁ နေရာကိုတော့ ဆုံးရှုံးရဖွယ် မရှိဘူးလို့ သိရပါတယ်။ ဂျိုကိုဗစ်ကတော့ ကမ္ဘာ့အဆင့် ၃  အထိ ကျဆင်းသွားခဲ့ပြီး ပြင်သစ်အိုးပင်းမှာ ဆီမီးဖိုင်နယ်အထိ တက်နိုင်ခဲ့တဲ့ ဂျာမနီနိုင်ငံသား ဗီရက်ဗ်ကတော့ အဆင့် ၂ နေရာကိုရောက်လာခဲ့ပါတယ်။

မန်စီးတီးမှာ မိမိဘဝတစ်လျှောက်လုံး အားပေးခဲ့သည့်အသင်းဟု ဟော်လန်း ဆို

မန်စီးတီးအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ အပြောင်းအရွှေ့စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်သည့် နော်ဝေတိုက်စစ်မှူး ဟော်လန်းက မန်စီးတီးအသင်းမှာ မိမိဘဝတစ်လျှောက်လုံး အားပေးခဲ့သည့်အသင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ဟော်လန်းကို ဒေါ့မွန်အသင်းထံမှ လျော်ကြေးစာချုပ်ပေါင် (၅၁)သန်းဖြင့် ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်ပြီး တနင်္လာနေ့က တရားဝင်စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ဇူ လိုင်(၁)ရက်တွင် စတင်လက်တွဲမည်ဖြစ်သည်။

ဘင်ဖီကာတိုက်စစ်မှူး နူနက်ဇ်ကို လီဗာပူးခေါ်ယူ

 

တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ကနဦးပေးချေမှု ယူရို ၇၅ သန်းနဲ့ရောင်းချဖို့ကို လီဗာပူးနဲ့သဘောတူညီမှုရပြီလို့ ဘင်ဖီကာအသင်းကကြေညာခဲ့ပါတယ်။

ထပ်ဆောင်းကြေး ယူရိုသန်း ၂၀ လည်းပါဝင်တဲ့ သဘောတူညီမှုက နူနက်ဇ်တစ်ယောက် လီဗာပူးနဲ့ အလုပ်ခန့်အပ်ကြောင်း စာချုပ်လက်မှတ်ထိုးမှ အတည်ဖြစ်မယ်လို့ ဘင်ဖီကာ ထုတ်ပြန်ချက်က ဆက်လက်ဖော်ပြပါတယ်။

ကွင်းလယ်လူဒီဂျောင်ကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ မန်ယူ ဆွေးနွေး

မန်ယူအသင်းဟာ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကို ပေါင်(၆၅)သန်းနဲ့ခေါ်ယူဖို့ ဘာစီလိုနာနဲ့ ဆွေးနွေးလျက်ရှိပါ တယ်။ အသက်(၂၅)နှစ်အရွယ် နယ်သာလန်ကစားသမားကလည်း အခုနွေရာသီမှာ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိတယ်လို့ သိရပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ မန်ယူအသင်းဟာ ဒီဂျောင်အတွက် ကနဦးကမ်းလှမ်းမှု တောင်လုပ်ခဲ့ပြီးပြီဖြစ်ပြီး ကလပ်အသင်းနှစ်သင်းကြား သဘောတူညီမှုမရသေးပါဘူး။ ဘာစီလိုနာအသင်းအတွက် ကွင်းလယ်လူဒီဂျောင်အတွက် ပြောင်းရွှေ့ကြေး ပေါင်(၆၅)သန်းရရှိဖို့ ဆန္ဒရှိနေပါ တယ်။ မန်ယူနည်းပြသစ် တန်ဟတ်ဟာ ပြီးခဲ့တဲ့ရာသီက ရုန်းကန်ခဲ့ရတဲ့အသင်းကို ပြန်လည်တည်ဆောက်ဖို့ စီစဉ်နေပြီး ဒီဂျောင်ဟာ အခုနွေရာသီမှာ မန်ယူအသင်းရဲ့နံပါတ်(၁)ပစ်မှတ်ဖြစ်ပါတယ်။ လာမယ့်ရာသီသစ်မတိုင်မီ ဒီဂျောင်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး သဘောတူညီမှုရဖွယ်ရှိတယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒီဂျောင်နဲ့ တန်ဟတ်တို့ဟာ အေဂျက်ဇ်အသင်းမှာ အတူလက်တွဲခဲ့တဲ့အချိန်ကတည်းကစလို့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။ ပေါ့ဘာနဲ့ မာတစ်တို့ ထွက်ခွာသွားတာကြောင့် လစ်လပ်နေတဲ့ ကွင်းလယ်ဗဟိုနေရာကို အစားထိုးဖို့ မန်ယူအသင်းစီစဉ်နေတယ်လို့ သိရပါတယ်။

ယခုနှစ်ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲမှာ ဆုကြေးငွေ စံချိန်တင် ပေးအပ်မည်

ယခုနှစ်ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲတစ်ရပ်လုံးမှာ ဆုကြေးငွေ စံချိန်တင်ပေါင်(၄၀.၃)သန်း ပေးအပ်သွားမယ်လို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်တဲ့သူတွေက ဆုကြေးပေါင်(၂)သန်းစီသာ ရရှိမှာဖြစ်ပါတယ်။ ဒါဟာ ပရိသတ်တွေကွင်းလုံးပြည့် ကြည့်ခွင့်ရခဲ့တဲ့ ၂၀၁၉ခုနှစ်ကပေးအပ်ခဲ့တဲ့ ဆုကြေးပေါင်(၂.၃၅)သန်းထက် အနည်းငယ်လျှော့နည်းနေပါတယ်။ ပြိုင်ပွဲတစ်ရပ်လုံးမှာတော့ ဆုကြေးငွေ ပေါင်(၃၈)သန်းပေးအပ်ခဲ့တဲ့ ၂၀၁၉ နဲ့နှိုှုင်းယှဉ်ရင် (၅.၄)ရာခိုင်နှုန်းနဲ့ ၂၀၂၁ ကထက် ၁၁ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပါတယ်။ ၂၀၂၀ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲကို ကိုဗစ်ကပ်ရောဂါကြောင့် ဖျက်သိမ်းခဲ့ရပြီး  ပြီးခဲ့တဲ့နှစ်ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲမှာ ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ပွဲကြည့်ပရိသတ် လျှော့ချပြီး ကျင်းပခဲ့ရပါတယ်။ အခုနှစ်ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲကို ဇွန်လ(၂၇)ရက်မှာကျင်းပမှာဖြစ်ပြီး ပရိသတ်အပြည့်အဝကြည့်ရှုခွင့်ပေးဖို့ စီစဉ်ထားပါတယ်။

မေဝယ်သာနှင့် ယခုနှစ်အတွင်း မကျေပွဲထိုးသတ်ရန် ပက်ကီယောင်းဆန္ဒရှိနေပြီး သရုပ်ပြပွဲသာ ဖြစ်လိမ့်မည်ဟု မန်နေဂျာ ဖြစ်သူ ဖွင့်ဟ

ဖိလစ်ပိုင်လက်ဝှေ့အကျော်အမော် ပက်ကီယောင်းသည် မဟာပြိုင်ဘက် ဖလွိုက်မေဝယ်သာနှင့် ယခုနှစ်အတွင်း မကျေပွဲထိုးသတ်သွားရန် ဆန္ဒရှိနေကြောင်း သူ၏မန်နေဂျာဖြစ်သူ ရှောင်ဂစ်ဘွန်းစ်က ပြောကြားခဲ့သည်။

သို့သော် လက်ဝှေ့ကစားသမား နှစ်ဦးစလုံးမှာ အနားယူထားပြီးဖြစ်သောကြောင့် သရုပ်ပြပွဲအဖြစ်သာ ထိုးသတ်နိုင်မည်ဟု MP Promotions ၏အကြီးအကဲဖြစ်သူ ဂစ်ဘွန်းစ်က ဝန်ခံခဲ့သည်။ ပက်ကီယောင်းနှင့် မေဝယ်သာသည် ၂၀၁၅ ခုနှစ်က လက်စ်ဗီးဂတ်စ်မြို့ရှိ MGM Grand တွင် ထိုးသတ်ခဲ့ပြီး မေဝယ်သာက အငြင်းပွားဖွယ်မရှိ အမှတ်ဖြင့်အနိုင်ယူကာ ရာစုနှစ်၏အကြီးကျယ်ဆုံး လက်ဝှေ့ပွဲ (Fight of the Centure)အဖြစ် တင်စားခြင်းခံခဲ့ရသည်။