
ဟောင်ကောင်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ ဘေးကနေ ထိုင်ကြည့်နေမှာမဟုတ်ဘူးလို့ တရုတ်နိုင်ငံက အခုလ ၁၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဟောင်ကောင် ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းခံရမှာ စိုးရိမ်တဲ့ သဘောမျိုး ပြောလိုက်ပြီးတဲ့နောက်မှာ တရုတ်က အဲဒီလို တုံ့ပြန်လိုက်တာပါ။ ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး လျူရှောင်မင်က “တရုတ်နိုင်ငံအနေနဲ့ ဘေးကနေ ထိုင်ကြည့်နေမှာမဟုတ်ဘူး။ တရုတ်အစိုးရမှာ လုံလောက်တဲ့ ဖြေရှင်းချက်တွေနဲ့ ဆန္ဒပြပွဲတွေကို ခပ်မြန်မြန် အဆုံးသတ်ဖို့ အင်အား လုံလုံလောက် လောက်ရှိတယ်”လို့ ကြာသပတေးနေ့က ပြောခဲ့ တာဖြစ်ပါတယ်။








