အမေရိကန် ဒရုန်းယာဉ်ကို အီရန် ပစ်ချ

အီရန်နိုင်ငံတောင်ပိုင်းမှာ ပျံသန်းနေတယ်လို့ အီရန်တော်လှန်ရေး အစောင့်တပ်ကပြောတဲ့ အမေရိကန် ဒရုန်းယာဉ်ကို ပစ်ချလိုက်ပြီလို့ အီရန်အစိုးရက ဇွန်လ ၂၀ ရက်မှာ ပြောပါတယ်။

အမေရိကန်နဲ့ အီရန်အစိုးရတို့ကြား အကြီးစား စစ်ရေးထိပ်တိုက်တွေ့နိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ရင်း စိုးရိမ်နေကြပါတယ်။

ပင်လယ်ကွေ့ဒေသအတွင်း အီရန်နိုင်ငံတောင်ပိုင်း ဟော်မုဇ်ဂံခရိုင်ပေါ်မှာ သူလျှိုဒရုန်းယာဉ်ကို ပစ်ချခဲ့တာလို့ စစ်တပ်ရဲ့ အင်တာနက်စာမျက်နှာ ဆေပါနယူးစ်က ပြောပါတယ်။

တရုတ်သမ္မတ မြောက်ကိုရီးယားရောက်ရှိ

မဟာမိတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးတွေ တိုးမြင့်ဆောင်ရွက်နိုင်ဖို့ရွယ်တဲ့ ခရီးစဉ် စတင်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မကြာသေးခင် နာရီပိုင်းအတွင်းကဘဲ မြောက်ကိုရီးယားနိုင်ငံမြို့တော် ပြုံယမ်းကို ရောက်သွားပါပြီ။ ဒီခရီးစဉ်အတွင်း မြောက်ကိုရီးယားနဲ့ အမေရိကန်အကြား လက်ရှိပြုလုပ်နေတဲ့ နျူကလီးယားအရေး ဆွေးနွေးမှုကိစ္စပါ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ၂ ရက်ကြာမယ့် သမ္မတ ရှီရဲ့ ဒီခရီးစဉ်ဟာ တရုတ်ခေါင်းဆောင် တဦးအနေနဲ့ ၁၄ နှစ်အတွင်း မြောက်ကိုရီးယား နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ ခရီးစဉ် မစတင်ခင်မှာဘဲ ကိုရီးယားကျွန်းဆွယ်ကိစ္စ ပြေလည်ရေး မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ ကြိုးပမ်းတွေကို ချီးကျူး ရေးသားထားတဲ့ သမ္မတရှီရဲ့ စာတမ်းတိုတခုကို တရုတ်းအစိုးရပိုင် သတင်းစာနဲ့ မြောက်ကိုရီးယား သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

ဟွာဝေးစမတ်ဖုန်းများ နိုင်ငံတကာသို့ တင်ပို့မှု ၆၀ ရာခိုင်နှုန်းအထိ လျော့ကျဖွယ်ရှိ

 ဟွာဝေးနည်းပညာ ကုမ္ပဏီသည် နိုင်ငံတကာသို့ စမတ်ဖုန်းတင်ပို့မှု ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ လျော့ကျနိုင်သဖြင့် ကြိုတင်ပြင်ဆင်နေကြောင်း Bloomberg သတင်း ဌာနက ဖော်ပြသည်။ ယင်းတရုတ်နည်းပညာ ကုမ္ပဏီက အဓိကပြည်ပစမတ် ဖုန်း နောက်ဆုံးမော်ဒယ် Honor 20 ကို ပြန်လည် သိမ်းယူခြင်းအပါအဝင် နည်းလမ်းများ စနည်းနာနေကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ နီးစပ်သူများအား ကိုးကားပြီး သတင်းက ဖော်ပြ သည်။ ယင်းဖုန်းကို ဇွန်လ ၂၁ ရက် ကစ၍ ဗြိတိန်နှင့် ပြင်သစ် အပါအဝင် ဥရောပဒေသများတွင် စတင်ရောင်းချမည်ဟု သတင်းက ဖော်ပြသည်။

တရုတ်သမ္မတရှီကျင်းပင် မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ် သွားရောက်မည်

သမ္မတရှီကျင်းပင်က မြောက်ကိုရီးယားနိုင်ငံသို့ ဇွန်လ ၂၀ ရက်မှ ၂၁ ရက်အထိ နှစ်ရက်ကြာခရီးစဉ် သွားရောက်မှာဖြစ်ကြောင်း Xinhua သတင်းဌာနက ယမန်နေ့ (ဇွန် ၁၇ ရက်) မှာ ဖော်ပြပါတယ်။ တရုတ်သမ္မတက ၎င်းရဲ့ခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့တွေ့ဆုံပြီး ကိုရီးယား ကျွန်းဆွယ်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဆွေးနွေးသွားမယ်လို့ဆိုပါတယ်။

ပလပ်စတစ်စွန့်ပစ်ပစ္စည်း လျှော့ချဖို့ G20 သဘောတူ

ပင်လယ်ပြင်မှာ မျောနေတဲ့ ပလပ်စတစ်အမှိုက်တွေကို လျှော့ချသွားမယ်လို့ ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ G20 စီးပွားရေးထိပ်သီး ညီလာခံမှာ တနင်္ဂနွေနေ့က သဘောတူလိုက်ပါတယ်။ အဲဒီသဘောတူညီချက်ထဲမှာ G20 အဖွဲ့ဝင် နိုင်ငံတွေက ပလပ်စတစ်အမှိုက်လျှော့ချရေးကို လိုက်နာတာဝန်ယူရမှာဖြစ်ပြီး ဘယ်လိုလုပ်ဆောင် သွားရမလဲဆိုတဲ့ အသေးစိတ်အချက်တွေ တော့ သိပ်မပြောခဲ့ပါဘူး။

ရွှေ့ပြောင်းဒုက္ခသည် ဝင်ရောက်မှု မက္ကဆီကို တင်းကျပ်

မက္ကဆီကိုအစိုးရဟာ နိုင်ငံတောင်ပိုင်းက ဂွါတီမာလာနဲ့နယ်စပ်မှာ ရွှေ့ပြောင်းဒုက္ခသည်တွေ ဝင်ရောက်မှုကို တင်းကျပ်လိုက်ပါတယ်။ အမေရိကန်ကို ဦးတည် ခရီးနှင်လာတဲ့ နေရပ်ရွှေ့ပြောင်းသူတွေ စီးဝင်တာကို ထိန်းချုပ်ပေးမယ်ဆိုရင် အမေရိကန်က မက္ကဆီကို သွင်းကုန်တွေအပေါ်မှာ အခွန် ၅ ရာခိုင်နှုန်း တိုးမြှင့်စည်းကြပ်တာကို ဖြေလျော့ပေးမယ့် သဘာတူညီချက် တစိတ်တပိုင်းအရ မက္ကဆီကို အစိုးရက အခုလို တင်းကျပ်လိုက်တာပါ။ ဇွန်လ ၁၂ ရက်နေ့က မက္ကဆီကိုတောင်ပိုင်း ချီယာပက်စ်ပြည်နယ်က အဝေးပြေးလမ်းမ တလျှောက်မှာ အမျိုးသား လူဝင်မှုကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူတွေနဲ့ စစ်သားတွေက ယာဉ်အဝင်အထွက်တွေကို စစ်ဆေးနေကြပါတယ်။ အဲဒီအချိန်မှာပဲ အနားက လူဝင်မှုကြီးကြပ်ရေးရုံး အပြင်ဘက်မှာ မက္ကဆီကိုနိုင်ငံကို ပြည်ဝင်ခွင့်လျှောက်ဖို့ နေရပ်ရွှေ့ပြောင်းသူတွေ အုပ်စုလိုက် တန်းစီနေကြပါတယ်။

တရုတ်နည်းပညာ ပြပွဲတွင် ထရန့်ကို ထိုးနှက်မှု လက်တွေ့ဖြစ်လာ

တရုတ်-အမေရိကန် ကုန်သွယ်ရေးနှင့် နည်းပညာစစ်ပွဲကြား ရှန်ဟိုင်းမြို့တွင် ပြုလုပ်သည့် နည်းပညာပြပွဲတစ်ခု၌ တူဖြင့် ထုရိုက်နိုင်သော ဒေါ်နယ်ထရန့် အရုပ်တစ်ရုပ် ပါဝင်သည်။ စားသုံးသူ အီလက်ထရွန်နစ် ကုန်စည်ပြပွဲ အာရှ (CES Asia) တွင် ထားရှိသော အကြွေစေ့ထည့်၍ ပစ္စည်းဝယ်ရသည့် စက်တစ်လုံးကို စိတ်ဖိစီးမှု ဖြေလျှော့ရေး နေရာအဖြစ် ဖော်ပြထားပြီး အမေရိကန်သမ္မတ၏ အရွယ်အစားတူ ဘောလုံးခေါင်းပုံစံကို တူဖြင့် ထုရိုက်နိုင်သည်။

အမေရိကန်ဖိအားကြောင့် တရုတ် Huawei ကုမ္ပဏီ ထိခိုက်မှုနဲ့ ကြုံ

မျှော်လင့်မထားတဲ့ အခြေအနေမျိုးတွေကြောင့်သာ မဟုတ်ဘူးဆိုရင် Huawei ကုမ္ပဏီဟာ ဒီနှစ်ကုန်မှာ ကမ္ဘာ့ နံပါတ်တစ် စမတ် ဖုန်းထုတ်တဲ့ ကုမ္ပဏီ ဖြစ်သွားခြေ ရှိတယ်လို့ ကုမ္ပဏီရဲ့ မဟာဗျူဟာရေးရာ အကြီးအကဲက ပြောလိုက်ပါတယ်။ ဒီပြောဆိုချက်က အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် ကုမ္ပဏီ ရောင်းအားကို ထိခိုက်သွားနိုင်ခြေ ရှိတယ်ဆိုတာ ပြလိုက်တာ ဖြစ်နိုင်ပါတယ်။ တရုတ်နိုင်ငံ၊ ရှန်ဟဲမြို့မှာကျင်းပတဲ့ လူသုံး လျှပ်စစ်ပစ္စည်းပြပွဲမှာ Shao Yang က အဲဒီလိုပြောလိုက်တာပါ။ 5G မျိုးဆက်သစ် ဆက်သွယ်ရေး နည်းပညာပိုင်းကနေ Huawei နည်းပညာကုမ္ပဏီကို ဖယ်ထုတ်ထားဖို့ တခြားနိုင်ငံတွေကို အမေရိကန်က ဖိအား တိုးပေးနေချိန်မှာပဲ Huawei မဟာဗျူဟာပိုင်း အကြီးအကဲက ပြောလိုက်တာပါ။ 5G ဆက်သွယ်ရေးကွန်ယက် နည်းပညာမှာ Huawei ကုမ္ပဏီကို ထိပ်တန်းဦးဆောင် ကုမ္ပဏီတခုအဖြစ် ယူဆထားကြပါတယ်။

ငါးမဖမ်းရကာလ သက်တမ်း တိုးလိုက်မှုကို ကန့်ကွက်သည့် အနေဖြင့် ဘင်္ဂလားဒေ့ရှ် တံငါသည် ထောင်ပေါင်း များစွာက အဝေးပြေး လမ်းမကြီးကို ပိတ်ဆို့  ဆန္ဒပြ

ဘင်္ဂလားပင်လယ်အော်မှာ ငါးမဖမ်းရကာလ နောက်ထပ် ၂ လ တိုးသတ်မှတ်လိုက်တဲ့အပေါ် ကန့် ကွက်တဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ် တံငါသည် ထောင်ပေါင်းများစွာဟာ တနင်္ဂနွေနေ့က ယာဉ်အသွားအလာ အများဆုံး အဝေးပြေး လမ်းမကြီးကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။

နယ်နှင်ရေးဥပဒေကြမ်းကို ဟောင်ကောင် ပြည်သူများ ကန့်ကွက်ဆန္ဒပြ

ဟောင်ကောင်ဒေသရှိ နိုင်ငံရေးအတိုက်အခံများအပေါ် ပစ်မှတ်ထားခွင့်ပြုနိုင်သည်ဟု ဝေဖန်သူများက စိုးရိမ်သော ဥပဒေတစ်ရပ်ကို ဆန့်ကျင် ၍ ဟောင်ကောင်တွင် လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့သည်။

အငြင်းပွားဖွယ် နယ်နှင်ရေး ဥပဒေသည် မသင်္ကာသူ ရာဇဝတ်မှုကျူးလွန်သူများကို ရုံးတင်စစ်ဆေးရန် တရုတ်ပြည်မကြီးသို့ ပို့ ဆောင်ရေး ခွင့်ပြုထားသည်။