
အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။ အခမ်းအနားကို အစီအစဉ် သုံးပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ကာ အစီအစဉ်ပထမပိုင်းတွင် သဘာပတိအဖွဲ့မှ နေရာယူပြီးနောက် အခမ်းအနားကို နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် အမရပူရမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦးက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်က ဗဟိုအမျိုးသမီးညီလာခံအကြို အမရပူရမြို့နယ်၊ အမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် အစီအစဉ် ပထမပိုင်းပြီးဆုံး၍ သဘာပတိအဖွဲ့မှ ပြန်လည်ထွက်ခွာခဲ့ပါသည်။








