
တားမြစ်ဆေး သုံးစွဲမှုကြောင့် ၂ နှစ် ပွဲပယ်ပြစ်ဒဏ် ကျခံရခြင်းကို မာရီယာ ရှရာပိုဗာ အနေဖြင့် အယူခံဝင်သွားရန် စီစဉ်နေကြောင်း သိရသည်။ ရှရာပိုဗာသည် နိုင်ငံတကာ တင်းနစ် အဖွဲ့ချုပ်၏ ဆေးစစ်မှုရလဒ် မအောင်မြင်ခဲ့ကြောင်း ပြီးခဲ့သည့် မတ်လက လူသိရှင်ကြား ဝန်ခံခဲ့သည်။ သူမအနေဖြင့် နှလုံးအားကောင်းစေသည့် Meldonium ဆေးဝါးကို ကျန်းမာရေး အခြေအနေအရ ဆယ်စုနှစ် တစ်ခုမျှ သုံးစွဲခဲ့ကြောင်း၊ သို့သော် အဆိုပါ ဆေးဝါးသည် ယခုနှစ်ဆန်းပိုင်းမှ စတင်၍ တားမြစ်ဆေး စာရင်းဝင်လာသည်ကို သတိမပြုမိဘဲ ဆက်လက် သုံးစွဲနေသဖြင့် ဆေးကျခဲ့ကြောင်း ရှရာပိုဗာက ရှင်းလင်းခဲ့သည်။








