
ရိုင်ယန်ဂစ်သည် မန်ချက်စတာ ယူနိုက်တက် အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ထားပြီဟု သိရှိရသည်။ အသင်း၏ ဂန္ထဝင် ကစားသမားဟောင်းကြီးသည် ဒေးဗစ်မိုယက်စ်နှင့် လူးဝစ်ဗန်ဂါးလ်တို့ လက်ထက်က လက်ထောက် မန်နေဂျာအဖြစ် အားဖြည့် တာဝန်ယူခဲ့သူ ဖြစ်ပြီး အသင်း၏ မန်နေဂျာသစ် နေရာအတွက် လျာထားခံရသူ တစ်ဦးလည်း ဖြစ်ခဲ့သည်။ သို့သော်လည်း ဗန်ဂါးလ်ကို ထုတ်ပယ်ပြီးချိန်တွင် ဟိုဆေးမော်ရင်ဟိုကိုသာ ယူနိုက်တက်က ခန့်အပ်ခဲ့သည့်နောက် ဂစ်သည် အသင်းနှင့် လမ်းခွဲရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယူနိုက်တက်တွင် (၂၉)နှစ်ကြာ ဖြတ်သန်းခဲ့သည့် ကာလများကို ဝေလကစားသမားဟောင်းက အဆုံးသတ်တော့မည် ဟု Daily Mailက ဖော်ပြခဲ့သည်။









