နေပြည်တော်ရှိ နေရာအချို့တွင် ဖောက်ခွဲရေးလုပ်ရန်စီစဉ်မှုဖြင့် အမျိုးသား သုံးဦးကို ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ကျည်ခြောက်တောင့်၊ လက်လုပ်မိုင်း ၁၀ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာ၌ တပ်ကုန်း PDF အဖွဲ့နှင့်ဆက်သွယ်၍ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိသော ကျော်မျိုးသူအား ဖမ်းဆီးရ မိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကျော်မျိုးသူ၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက် နေ့လယ်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ ဆည်ထိပ်ကျေးရွာ ရှိ ဖမ်းဆီးရန်ကျန် လှမိုး(ခ)လှမိုးအောင်၏ နေအိမ်၌ ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ကျည်ခြောက်တောင့်၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁၀ လုံး၊ Keypad ဖုန်းဖြင့် ချိတ်ဆက် ဖောက်ခွဲရသည့် ခလုတ်သုံးခု၊ Keypad ဖုန်း တစ်လုံး၊ ရီမုတစ်ခုနှင့် ဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး လှမိုး(ခ)လှမိုးအောင်အား တပ်ကုန်း မြို့နယ်၊ ဆည်ထိပ်ကျေးရွာနှင့် ရွှေမြို့ကျေး ရွာသွားလမ်းပေါ်၌ ဖမ်းဆီးရမိခဲ့ကြောင်း နစက,က ထုတ်ပြန်သည်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်