လက်ဝဲဝါဒီလိုပက်ဇ်အိုဘရာဒါ မက္ကဆီကိုသမ္မတသစ်အဖြစ် ရွေးကောက်ခံရ

ဇူလိုင် ၁ ရက် က ကျင်းပခဲ့သော မက္ကဆီကို သမ္မတရွေးကောက်ပွဲတွင် လက် ဝဲဝါဒီ လိုပက်ဇ်အိုဘရာဒါက ပြတ်ပြတ်သားသား အနိုင်ရခဲ့သည်။

မက္ကဆီကိုစီးတီးမြို့တော်ဝန်ဟောင်း အိုဘရာဒါသည် မဲ ၅၃ ရာခိုင်နှုန်းခန့် ရရှိခဲ့ကြောင်း ရွေးကောက်ပွဲ တာဝန်ရှိသူများက ပြောပြီး ယင်းမှာ ၎င်း၏ အနီးကပ်ဆုံး ပြိုင်ဘက်ထက် မဲရာခိုင်နှုန်း နှစ်ဆကျော် အသာရခြင်းဖြစ်သည်။

အနီးကပ်ဆုံး ပြိုင်ဘက်များက အရှုံးကို ဝန်ခံခဲ့ပြီး အနိုင်ရသူ အိုဘရာဒါအတွက် ဂုဏ်ယူကြောင်း အသီးသီး ပြောသည်။

ကနဦး မဲရလဒ်များအရ တတိယနေရာသာချိတ်ခဲ့သူ လက်ရှိအာဏာရပါတီ ကိုယ်စားလှယ်လောင်း ဂျို့စ်အန်တိုနီယိုမီယာဒီ က အိုဘရာဒါအနေဖြင့် အကြီးအကျယ်အောင်မြင်ပါစေဟု ဆန္ဒပြုကြောင်း ထောက်ခံသူ များအား ပြောသည်။

မီယာဒီ၏ အင်စတီကျူရှင် နယ်တော်လှန်ရေးပါတီသည် မက္ကဆီကိုနိုင်ငံရေးကို ဆယ်စုနှစ်များစွာ စိုးမိုးထား သော်လည်း လူကြိုက်များမှု လျော့နည်းလာသည်။

‘‘အိုဘရာဒါရဲ့ အောင်နိုင်မှုကို ကျွန်တော်အသိအမှတ်ပြုပြီး ဂုဏ်ယူကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မက္ကဆီကို ကောင်းကျိုးအတွက် သူအများကြီးစွမ်းဆောင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်’’ဟု ကွန်ဆာဗေးတစ် အမျိုးသား အက်ရှင်ပါတီမှ ကိုယ်စားလှယ်လောင်း ရီကာဒိုအန်နာယာ က ပြောကြားသည်။

မက္ကဆီကိုသမ္မတသစ်ဖြစ်လာသူ အိုဘရာဒါကို ဂုဏ်ယူကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်း တွစ်တာ ၌ ဖော်ပြသည်။

‘‘သူနဲ့ အလုပ်တွဲလုပ်ဖို့ ကျွန်တော် အလွန်ပဲ စိတ်အားထက်သန်နေပါတယ်။ အမေရိကန် ရော မက္ကဆီကိုအတွက်ပါ အကျိုးရှိမယ့် အရာတွေလုပ်ဖို့ အများကြီး ကျန်ပါသေးတယ်’’ဟု ဒေါ်နယ်ထရန့်က တွစ်တာအကောင့်၌ ဖော်ပြခဲ့သည်။ 

—Ref: BBC/Reuters